Connect with us

Politics

တရုတ် နိုင်ငံ နှင့် ကုန်သွယ်ရေး လုပ်ဆောင်သည့်အခါ တရားဝင်နည်းလမ်းသည် အကောင်းဖြစ်

UMFCCI တွင် ပြုလုပ်သည့် How to Export to China ဆွေးနွေးပွဲမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းများတင်ပို့သည့်အခါတွင် ဆန်၊ပြောင်း၊ သစ်သီးနှင့် ရာသီအစားအစာများကို တင်ပို့နေရပြီး တရားဝင်တင်ပို့မှုများ ရှိသော်လည်း တရားမဝင် တင်ပို့နေမှုများရှိကြောင်း၊ ရေရှည်စီးပွားရေးလုပ်မည်ဆိုပါက တရားဝင်နည်းလမ်းသည် အကောင်းဆုံးဖြစ်ကြောင်း ရေထွက်ကုန် ထုတ်လုပ်သူများ နှင့် တင်ပို့သူများအသင်း မှ ဥက္ကဋ္ဌ ဦးထွန်းအေး က ဆင်ဟွာကိုပြောသည်။

မြန်မာလုပ်ငန်းရှင်များ အနေဖြင့် ရေရှည်တည်တံ့သည့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ချင်ပါက နယ်စပ်ကုန်သွယ်ရေး၊ ပုံမှန်ကုန်သွယ်ရေး အား ဦးစားပေးဆောင်ရွက်သင့်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေး အခက်အခဲသည် တရားမဝင် ကုန်သွယ်ရေးလုပ်သူများ ရှိသည့်အတွက်ဖြစ်ကြောင်း International Trade Centre မှ စီမံကိန်းမန်နေဂျာ က ပြောသည်။

တရုတ် နိုင်ငံအနေဖြင့် နယ်စပ်ကုန်သွယ်ရေးသည် ၎င်းတို့၏ စုစုပေါင်းကုန်သွယ်မှု၏ ၁ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံအနေနဲ့ ကျတော့ နယ်စပ်ကုန်သွယ်ရေး ကနေ အဓိကသွားတယ်။ ဘာလို့လဲဆိုတော့ မြန်မာနဲ့ တရုတ်က နယ်နိမိတ်ချင်းက ကပ်ရက်ပေါ့နော်။ ဘော်ဒါက သွားရင် ရန်ကုန်က ပို့တဲ့ ကုန်က ၂ ရက်ဆိုရင် ရောက်သွားပြီ။ အိတ်စပို့မြန်တယ်ပေါ့။ ပိုက်ဆံမြန်မြန်ရတယ်။ ငွေချေရတဲ့ အချိန်မှာ LC တို့ T T တို့ FOB တို့ စတာတွေကို မြန်မာမှာရှိတဲ့ ကုန်သည်တွေက သိပ်ပြီးရင်းနှီးကျွမ်းဝင်မှု မရှိသေးဘူး။ ဘော်ဒါကသွားတာတော့ လွယ်တာပေါ့။’’ ဟု ဦးထွန်းအေးကပြောသည်။

တရားဝင်နည်းလမ်းနှင့် ဆောင်ရွက်မည်ဆိုပါက လုပ်ထုံးလုပ်နည်းပိုများသည့် အတွက် တရုတ်ပြည်သို့ အိတ်စပို့လုပ်သည့်အချိန် ငွေပေးငွေယူကိစ္စတွင် အနည်းဆုံး ၁လလောက်ကြာနိုင်ကြောင်း သိရသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် နိုင်ငံတကာ ကုန်သွယ်ရေး စင်တာတို့ ပူးပေါင်း၍ တရုတ်ဈေးကွက်သို့ ပို့ကုန်တိုးမြှင့်နိုင်ရေး (How to Export to China) ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ UMFCCI ၌ ကျင်းပကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် UN မှ ကျွမ်းကျင်ပညာရှင်များက Enhancing Export Capacities of Asian LDCs for Intraregional Trade စီမံချက်အရ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများ၏ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရှနိုင်ငံများအတွင်း စီးပွားရေး အလားအလာ အကောင်းဆုံးဖြစ်သော တရုတ်ဈေး ကွက် သို့ ပို့ကုန်ဈေးကွက် ထိုးဖောက်နိုင်ရေး၊ မြန်မာ့ထွက်ကုန်များ တရုတ်ဈေးကွက်သို့ အဆင်ပြေချောမွေ့စွာ တင်ပို့နိုင်ရေးအတွက် သိသင့်သိထိုက်သော ဆောင်ရွက်သင့်သည့် အချက်အလက်များ၊ စိန်ခေါ်နေမှုများနှင့် အခွင့် အလမ်းကောင်းများကို စာတမ်းများနှင့်တကွ ဆွေးနွေးခဲ့ကြသည်။ (Xinhua)