Connect with us

Local

တနင်္သာရီ တိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန် ရင်းနှီး မြှုပ်နှံမှု ဖိုရမ် ကျင်းပ

တနင်္သာရီ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ဖိုရမ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန် ရည်ရွယ်၍ ပထမအကြိမ် တနင်္သာရီ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ ကို ဒီဇင်ဘာ ၇ ရက်မှ စတင်၍ မြိတ်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

တနင်္သာရီ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ အစိုးရ အဖွဲ့ တာဝန်ရှိသူများ ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ နှင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် စုစုပေါင်း လူဦးရေ ငါးရာကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ယင်းဖိုရမ်တွင် ဒုတိယသမ္မတ ဉီးမြင့်ဆွေက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူစေရန် ဖြေလျှော့မှုများ ၊ ပြုပြင် ပြောင်းလဲမှု များလုပ်ဆောင်ပေးနေချိန်တွင် တနင်္သာရီတိုင်းဒေသကြီးသည် စီးပွားရေး အချက်အခြာကျသည့် နေရာတွင်တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးများ ပိုမိုကောင်းမွန်လာ ပြီဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးသို့ အလွယ်တကူသွားလာ၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးအလားအလာကောင်းသည့် တနင်္သာရီတိုင်း ဒေသကြီး အတွင်း ရင်းနှီးမြှပ်နှံမှုများ ဆောင်ရွက်ကြခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် အတူတကွ ပူးပေါင်းဆောင်ရွက် သွားကြရန် တိုက်တွန်း ပါကြောင်း ၊ လာမည့်နှစ်များ အတွင်း တနင်္သာရီ တိုင်းဒေသကြီး၌ ရင်းနှီး မြှုပ်နှံမှုများ ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေမှာ ၂၀၁၉ခုနှစ်၊ အောက်တိုဘာ လအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း စုစုပေါင်း (၄၄)ခု ဝင်ရောက်ခဲ့ပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ (၂၃၈၅)သန်း ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ၊ နိုင်ငံသားရင်းနှီး မြှုပ်နှံမှု ကိုကြည့်မည်ဆိုပါက လုပ်ငန်းစုစုပေါင်း (၇၁)ခုရှိပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၃၃ ဒသမ ၉၆)သန်း (ကျပ်သန်း ပေါင်း ၂၈၂၃၂၆ ဒသမ ၁၆၃) ရင်းနှီးမြှုပ်နှံ ထားကြောင်း၊ အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ကဏ္ဍ၊ အိမ်ရာအဆောက်အအုံ တည်ဆောက် ဖွံ့ဖြိုးရေး ကဏ္ဍ နှင့် လယ်ယာ စိုက်ပျိုးရေး ကဏ္ဍတို့ ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၏ အဓိကထုတ်ကုန်လုပ်ငန်းများသည် သဘာဝပုလဲနှင့် မွေးပုလဲ မွေးမြူရေးလုပ်ငန်းများ၊ ပင်လယ် ရေထွက်ကုန်များ၊ ရာဘာနှင့် ဆီအုန်းစိုက်ပျိုးရေး လုပ်ငန်း များ၊ ငှက်သိုက်မွေးမြူရေးလုပ်ငန်းများနှင့် သတ္တုတူးဖော် ထုတ်လုပ်ရေး လုပ်ငန်းများ ဖြစ်ကြောင်း ၊ ထို့ပြင် ပင်လယ်ကမ်းခြေနှင့် ကျွန်းများ၏ သဘာဝအလှတရားများ ကိုလည်း ပိုင်ဆိုင်ထား သည့် အတွက် သဘာဝအခြေခံခရီးသွားလုပ်ငန်း သည် တနင်္သာရီ တိုင်းဒေသကြီး ဖွံ့ဖြိုး တိုးတက်ရန် အဓိကအရေးပါသည့်ကဏ္ဍတွင်ပါဝင်လျက် ရှိနေကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းတွင် တည်ရှိပြီး ဧရိယာအားဖြင့် (၄၃,၃၂၈) စတုရန်းကီလိုမီတာ ကျယ်ဝန်းသည့်အပြင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁ ဒသမ ၄ သန်းကျော် နေထိုင်လျက် ရှိကြောင်း၊ အရှေ့ဘက်နှင့် တောင်ဘက်တွင် ထိုင်းနိုင်ငံ၊ မြောက်ဘက်တွင် မွန်ပြည်နယ်နှင့် အနောက် ဘက်တွင် ကပ္ပလီပင်လယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့်အတွက် စီးပွား ရေးအရအချက်အချာ ကျသည့်နေရာ ဖြစ်ကြောင်း သိရသည်။(Xinhua)