Connect with us

Politics, Law & Military

၂၀၁၇ မြန်မာနိုင်ငံရေး အခင်းအကျင်း

၂၀၁၇ မြန်မာနိုင်ငံရေး ဖြစ်စဉ်များ (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

(၁)၂၀၁၇ ခုနှစ်၏ ငြိမ်းချမ်းရေးမှတ်တိုင်များ

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးကျင်းပခဲ့စဉ် (ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်သော အစိုးရအဖွဲ့သည် အစိုးရတာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၇ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး ငြိမ်းချမ်းရေး အခန်းကဏ္ဍကို အရှိန်အဟုန် မြှင့် ဆောင်ရွက်ခဲ့သည်။

“လက်ရှိ အစိုးရလက်ထက် ၂၁ ရာစု ပင်လုံညီလာခံရဲ့ ဒုတိယအစည်းအဝေးမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ခဲ့ပြီး နိုင်ငံရေးသဘောတူညီချက် ၃၇ ချက် ရရှိခဲ့တယ်။ အရေးကြီးတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ပြည်နယ် အခြေခံ ဥပဒေ စတဲ့ အခြေခံမူတွေ သဘောတူညီမှု မရရှိခဲ့တာက လွဲလို့ ဒါဟာ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ ပထမဆုံးသော နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်တယ် ဆိုတာ မီးမောင်းထိုးပြချင်ပါတယ်”ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံမူများ ဖြစ်လာမည့် ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း(၁) အဖြစ် သဘောတူညီချက် ၃၇ ချက်အား မေ ၂၄ ရက်မှ မေ ၂၉ ရက်ထိ ၆ ရက်ကြာ ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးတွင် အတည်ပြု လက်မှတ် ရေးထိုး ချုပ်ဆိုနိုင်ခဲ့သည့် ရလဒ် ထွက်ပေါ်လာခဲ့သည်။

ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း(၁) အဖြစ် သဘောတူညီချက် ၃၇ ချက်တွင် နိုင်ငံရေး ကဏ္ဍတွင် ၁၂ ချက် ၊ စီးပွားရေး ကဏ္ဍတွင် ၁၁ ချက် ၊ လူမှုရေး ကဏ္ဍတွင် ၄ ချက် ၊ မြေယာ နှင့် သဘာ၀ ပတ်ဝန်းကျင် ကဏ္ဍတွင် ၁၀ ချက် တို့ပါဝင်သည်။

“အဖွဲ့အားလုံး မပါနိုင်သေးဘူး။ အရေးကြီးတဲ့ ဖက်ဒရယ်မူတွေ သဘောတူညီမှု ရရှိဖို့ လိုသေးတယ် စတဲ့ အချက်တွေကို လက်ခံပါတယ်။ ဒါပေမယ့် ဖက်ဒရယ် ခရီးလမ်းရဲ့ ပထမဆုံးခြေတစ်လှမ်းကို လျှောက်လှမ်းနိုင်ခဲ့တာ အရေးကြီးတဲ့ Milestone ဖြစ်ပါတယ်။ နောက်ခြေလှမ်းတွေမှာ ဒီထက်ပိုမို အဓိပ္ပါယ်ပြည့်ဝတဲ့ တက်လှမ်းမှုတွေ မကြာခင်မှာ ထွက်ပေါ်လာဖို့ မျှော်မှန်းထားပါတယ်။”ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုသည်။

၂၀၁၇ ခုနှစ်တစ်နှစ်တာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အပြုသဘောဆောင်သည့် သဘောတူညီချက်များလည်း ရရှိခဲ့ပြီး အစိုးရအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ၌ လက်မှတ်ထိုးထားသော အဖွဲ့များနှင့် အပစ်ရပ်လုပ်ငန်းစဉ်များ ခိုင်မာရေး၊ နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရေးများကို အလေးထားဆောင်ရွက်လျက်ရှိသည်။

“UNFC တွေ့ဆုံဆွေးနွေးမှု ၈ ကြိမ် ပြီးခဲ့ပါပြီ။ နှစ်ဦးနှစ်ဖက် အခြေအနေကောင်းတွေ ရရှိခဲ့ပါတယ်။ လက်မှတ်ရေးထိုးနိုင်ဖို့ နှစ်ဖက်စလုံးက ဆက်လက် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ မြောက်ပိုင်းအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းမှာ ရှိနေပါတယ်။ ဒီအချက်ဟာ အရေးကြီးပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ကြိုးပမ်း ဆောင်ရွက်ရာမှာ အရေးကြီးဆုံးက တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ပျောက်မသွားဖို့၊ ပြတ်မသွားဖို့ ဖြစ်ပါတယ်။”ဟု ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံ တတိယ အစည်းအဝေးကို ၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီလ နောက်ဆုံးသီတင်းပတ်တွင် ကျင်းပရန် ရှိသည်။

“ရှေ့လာမယ့် ၂၀၁၈ မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် ရလဒ်ကောင်းတွေ ထွက်ပေါ်လာမယ် လို့လည်း အပြုသဘော မျှော်လင့်ထားပါတယ်။”ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

(၂) ၂၀၁၇ လွှတ်တော်အခန်းကဏ္ဍ

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအားတွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၇ခုနှစ်အတွင်း ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သုံးရပ်၏ အခန်းကဏ္ဍသည် လူအများစိတ်ဝင်စားခဲ့ရသည်။ လွှတ်တော်ကနေ အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကို ပိုမိုကောင်းမွန်စွာဆောင်ရွက်နိုင်ရန်နှင့် အစိုးရနှင့် ပြည်သူအကြား အခက်အခဲ အတားအဆီးများ ဖယ်ရှားနိုင်ရန် ၂၀၁၇ ခုနှစ် တစ်နှစ်တာအတွင်း ဥပဒေ အဟောင်းများကို ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ ဥပဒေအသစ်များကို ရေးဆွဲခြင်းများ ဆောင်ရွက်နိုင်၊ အတည်ပြု နိုင်ခဲ့သည်။

“၂၀၁၇ ခုနှစ်ထဲမှာ ပြည်သူလူထုရဲ့ အသံ ပါပြီး ပြည်သူတွေအတွက်လည်း အကျိုးရှိ၊ အစိုးရအဖွဲ့ အစည်းတွေ ဝန်ကြီးဌာနတွေရဲ့ လုပ်ဆောင်ချက်တွေ အတွက်လည်း အကျပ်အတည်း မဖြစ်စေတဲ့ ဥပဒေတွေကို လွှတ်တော်က အတည်ပြုပေးနိုင်ခဲ့ပါတယ်” ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ တွဲဖက် အတွင်းရေးမှူး၊ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး၊ မန္တလေးတိုင်း ဒေသကြီး ပြည်ကြီး တံခွန်မြို့နယ် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလင်းက ပြောသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ အောက်တိုဘာလ ၂၄ ရက်အတွင်း ဒုတိယအကြိမ်လွှတ်တော် ပုံမှန်အစည်းအဝေး သုံးခု ဖြစ်သော စတုတ္ထပုံမှန် အစည်းအဝေး၊ ပဉ္စမပုံမှန် အစည်းအဝေးနှင့် ဆဌမ ပုံမှန်အစည်းအဝေး တို့ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး တစ်နှစ်တာအတွင်း ဥပဒေ အဟောင်း တစ်ခုအား ရုပ်သိမ်း ခြင်း၊ ၁၄ ခုအား ပြင်ဆင်ခြင်း၊ ဥပဒေကြမ်း အသစ် ၁၂ ခုတို့ကို ပြဌာန်း ရေးဆွဲ ခြင်းများ ဆောင်ရွက် အတည်ပြုနိုင်ခဲ့သည်။

တစ်နှစ်တာအတွင်း ဥပဒေသစ်များ ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းများစွာပြုလုပ်ခဲ့သည့် အထဲမှ ပြည်သူများ စိတ်ဝင်တစားရှိခဲ့ပြီး စောင့်ကြည့်ခဲ့ရသော ဥပဒေ၊ အဆိုတွေလည်း ဒီတစ်နှစ်တာအတွင်း ရှိခဲ့သည်။ လူငယ်များ မူးယစ်ဆေးဝါးသုံးဆွဲလျှင် ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်ပေးမည့် မူးယစ်ဆေးဝါးဥပဒေ ကို ပြင်ဆင်နိုင်ခြင်း၊ ပြည်သူများအကြား ယခုတစ်နှစ်တာအတွင်း အစိုးရိမ်ကြီးခဲ့ရသော ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)အား လွှတ်တော်အတွင်း ဆွေးနွေးခဲ့ရာ ယခင် အာမခံပေးခွင့်မရရှိသော ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) အား အာမခံ ရရှိပြီး ပြစ်ဒဏ် လျော့နည်း သည့် ပုဒ်မ အဖြစ်သို့ ပြင်ဆင် အတည်ပြုနိုင်ပြီး ယခင် ဧပြီလ (၁) ရက်နေ့မှ မတ်လ (၃၁) ရက်နေ့ဟု သတ်မှတ်ထားသည့် ဘဏ္ဍာရေး နှစ် ကာလ အပိုင်းအခြားကို အောက်တိုဘာ (၁) ရက်မှ စက်တင်ဘာ (၃၀) ရက်နေ့အထိသို့ ပြောင်းလဲ ပြင်ဆင်နိုင်ခဲ့သည်။

ငွေစက္ကူများပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံများဖြင့် ရိုက်နှိပ် ထုတ်ဝေရန် ပြည်ထောင်စု အစိုးရ အား တိုက်တွန်း ကြောင်းအဆိုကိုလည်း လွှတ်တော်က အတည်ပြုနိုင်ခဲ့သည်။

ပြည်တွင်းပြည်ပ စီးပွားရေးသမားများ စိတ်ဝင်စားစောင့်ဆိုင်းခဲ့ရသော မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ နှစ်ရပ်တို့ကို ပူးပေါင်း ပြင်ဆင်ခြင်း၊ အထူးကုန်စည်ခွန်များ ပြင်ဆင် ပြဌာန်းနိုင်ခြင်း ၊ ၂၀၁၇ -၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲေ၀ သုံးစွဲရေး(Revised Estimated Budget) ဥပဒေကို အတည်ပြု ပြဌာန်းပေးခြင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇) နှင့် စာရင်းအင်း ဥပဒေ တို့အား အတည်ပြုခြင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အသစ် ဖွဲ့စည်းခြင်းများအား အတည်ပြုခြင်းများ လွှတ်တော်က ဆောင်ရွက်ပေးခဲ့သည်။

ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဟူသည့် ပြည်ထောင်စု ဝန်ကြီးဌာန နှစ်ခု တိုးချဲ့ဖွဲ့စည်းသည်ကို အတည်ပြုခြင်း၊ ၎င်းတို့အတွက် ဝန်ကြီးနှစ်ဦး ခန့်အပ် တာဝန်ပေးခဲ့သည်။

တရားရေး မဏ္ဍိုင် တိမ်းစောင်း နေမှုအား ပြန်လည် တည့်မတ်နိုင်ရေးအတွက် ပြည်ထောင်စု တရား လွှတ်တော်ချုပ်သို့ တိုက်တွန်းကြောင်း အဆိုကို အတည်ပြုခြင်း၊ သိမ်းဆည်းခံ လယ်ယာ နှင့် အခြား မြေများ ပြန်လည် စိစစ်ရေး လုပ်ငန်းများအတွက် အစိုးရအဖွဲ့၏ ဖြေရှင်း ဆောင်ရွက်မှုများတွင် ဥပဒေက ခွင့်ပြုထားပြီး ဖြစ်သည်နှင့်အညီ လွှတ်တော် ကိုယ်စားလှယ်များက ထိထိရောက်ရောက် ပါဝင်ခွင့် ရရေးနှင့် ထိုလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ကြရေး အတွက် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက အတည်ပြု တိုက်တွန်း မှာကြားခြင်းများကို ဆောင်ရွက်နိုင်ခဲ့သည်။

(၃) ကြားဖြတ်ရွေးကောက်ပွဲ

ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် နိုင်ငံရေး ဖြစ်စဉ်များအနက် အရပ်သားအစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်တွင် ကျင်းပခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ် မဲဆန္ဒနယ် ၁၉ နေရာ အတွက် နိုင်ငံရေး ပါတီ ၂၄ ခုမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၈၇ ဦး နှင့် တစ်သီး ပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၇ ဦး အပါအဝင် လွှတ်တော် ကိုယ်စားလှယ်လောင်း ၉၄ ဦး ဝင်ရောက် ယှဉ်ပြိုင် ခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲကို စိတ်ဝင်စားမှု အားနည်းခဲ့သဖြင့် မဲပေးမှု ရာခိုင်နှုန်းများကျဆင်းခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ကြားဖြတ်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနိုင်ရခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ဧပြီ ၂ရက် နောက်ဆုံး ကြေညာ ခဲ့ချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ၉ နေရာ ၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၆ နေရာ ၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ၂ နေရာ ၊ ရခိုင် အမျိုးသား ပါတီမှ ၁ နေရာ နှင့် လူမျိုးပေါင်းစုံ ဒီမိုကရေစီ ပါတီ (ကယားပြည်နယ်)မှ ၁ နေရာ အသီးသီး အနိုင်ရရှိခဲ့သည်။

(၄) အစိုးရသစ်၏ တစ်နှစ်ပြည့် မိန့်ခွန်း

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးမှ အနိုင်ရလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရသစ်သည် အစိုးရတာဝန်စတင်ထမ်းဆောင်ခဲ့ရာ၂၀၁၇ ခုနှစ် မတ်လ ၃၀ ရက်တွင် တစ်နှစ်တိတိပြည့်မြောက်ခဲ့ချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အစိုးရတာဝန်ယူမှု တစ်နှစ်ပြည့်အထိမ်းအမှတ် မိန့်ခွန်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရတာဝန်ယူမှု တစ်နှစ်ပြည့် မိန့်ခွန်းကို ပြည်တွင်းပြည်ပမှ စိတ်ဝင်တစား စောင့်ကြည့်လေ့လာခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ထိုမိန့်ခွန်းတွင်”ပြည်သူ နှင့်အတူ”ဆောင်ပုဒ်ဖြင့် ဆက်လက် လျှောက်လှမ်းမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်မတို့ ရည်ရွယ်တာကတော့ ပြည်သူက အစိုးရကို လေးစားဖို့၊ တန်ဖိုးထားဖု့ိ၊ ယုံကြည်ဖို့ပါပဲ။ ဒီအဆင့် ရောက်တဲ့ အထိတော့ ကျွန်မတို့ဆက်ပြီး ကြိုးစားသွားရမှာပါ။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

(၅) နိုင်ငံခြားရေးဆက်ဆံမှု ပိုမို ကောင်းမွန်လာသော၂၀၁၇

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး အတွက် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရတာဝန် စတင်ထမ်းဆောင်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည် တာဝန်စတင်ယူချိန်မှစကာ နိုင်ငံတကာနှင့် ထိတွေ့မှု ဆက်ဆံမှုသည် အားကောင်းလာသည်။

မြန်မာနိုင်ငံ၏ ထိပ်ပိုင်းခေါင်းဆောင်များသည် ယခုနှစ်အတွင်း အနောက်နိုင်ငံများနှင့် အာဆီယံနိုင်ငံများသို့ တရားဝင်ခရီးစဉ်များ သွားရောက်မှုများရှိပြီး ထိုခရီးစဉ်များထဲမှ မြန်မာနိုင်ငံနှင့် နှစ်ပေါင်းကြာရှည် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ကောင်းမွန်ခဲ့သော အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ပြီး တွေ့ဆုံဆွေးနွေးမှုများ အပေါ် ပြည်တွင်းပြည်ပက စိတ်ဝင်စားမှု ပိုမိုများပြားခဲ့သော နှစ်တစ်နှစ်ဖြစ်သည်။

ယခုနှစ်အတွင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ပြီး သမ္မတ ရှီကျင့်ဖိန်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဧပြီလအတွင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ကာ သမ္မတ ရှီကျင်ဖိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပထမဆုံးအကြိမ် မြန်မာ-တရုတ် ပူးတွဲထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်နိုင်ခဲ့သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိသူများက နှစ်နိုင်ငံအစိုးရအကြား ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ပစ္စည်းများအား တရားမဝင်တူးဖော်ခြင်း၊ မှောင်ခိုတင်သွင်း ရောင်းချခြင်း ကိစ္စရပ်များကို ကာကွယ် ဟန့်တားနိုင်ရေးအတွက် သဘောတူညီမှုစာချုပ်၊ စီးပွားရေးနှင့် အတတ်ပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်စာချုပ်၊ ပို့ဆောင်ရေးကဏ္ဍနှင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာနှစ်စောင်တို့လည်း လက်မှတ်ရေးထိုးခဲ့နိုင်ခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ ယခုနှစ်အတွင်း နှစ်ကြိမ်တိုင် သွားရောက်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပေကျင်းမြို့တွင် ကျင်းပသော Belt and Road Forum for International Cooperation အစည်းအဝေးတက်ရောက်ရန် မေလအတွင်းက တရုတ်နိုင်ငံသို့ ပထမအကြိမ် သွားရောက်ခဲ့ပြီး အဆိုပါ ခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသမ္မတ ရှီကျင်ဖိန်နှင့် သီးခြားတွေ့ဆုံကာ တရုတ်သမ္မတ ရှီကျင်ဖိန်က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်ရေးတွင် လိုအပ်သော ထောက်ပံ့မှုနှင့်အတူ မြန်မာနိုင်ငံအား ဆက်လက် ကူညီသွားရန်ဆန္ဒရှိကြောင်းနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်လည်း တောင်းဆိုခဲ့မှု ပြုလုပ်ခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုဝင်ဘာလအတွင်း ငါးရက်ကြာ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး အဆိုပါ ခရီးစဉ်အတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တာဝန်ရှိသူများအပြင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့်လည်း ဆွေးနွေးခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယခုနှစ် ဒီဇင်ဘာလဆန်းပိုင်း၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ကျင်းပသော တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများအကြား အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲကိုလည်း တက်ရောက်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများအကြား အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲကို နိုင်ငံပေါင်း ၁၂၀ မှ ပါတီနှင့်နိုင်ငံရေးအဖွဲ့အစည်း ၂၀၀ ကျော်မှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

အဆိုပါ တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများအကြား အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲသွားရောက်သော ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ရှီကျင့်ဖိန်တို့ သီးခြားတွေ့ဆုံကာ ပါတီအချင်းချင်း ပူးပေါင်းဆောင်ရွတ်မှု ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ ပထမအကြိမ်အဖြစ် ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းက တစ်ကြိမ်၊ ၂၀၁၇ မေလတွင် တစ်ကြိမ်နှင့် ဒီဇင်ဘာ တစ်ကြိမ် စုစုပေါင်း တရုတ်နိုင်ငံသို့ အစိုးရတာဝန်ဖြင့် သုံးကြိမ်သွားရောက်ထားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံနိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ ဦးဆောင်သော အဖွဲ့သည်လည်း ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ပြီး ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး မြန်မာ-တရုတ် စီးပွားရေးစြင်္ကတည်ဆောက်ရန် အဆိုပြုခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ ကြုံတွေ့ခဲ့ရသော သဘာဝဘေးအန္တရာယ်၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးနယ်ပယ်များတွင် အကူအညီများစွာပေးခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Philippines International Convention Centre (PICC) ၌ကျင်းပသော (၄၀)ပြည့် အထိမ်းအမှတ် အာဆီယံ+ကနေဒါ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်တက်ရောက်ခဲ့ပြီး နိုင်ငံခေါင်းဆောင်အချို့နှင့် သီးခြားတွေ့ဆုံဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ခုနှစ်အတွင်း ၁၃ ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို နိုဝင်ဘာ ၂၀ ၊၂၁ ရက်တို့တွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။၁၃ ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအား ငြိမ်းချမ်းရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု ရရှိရေးအတွက် မိတ်ဖက် ဆက်ဆံမှုကို ခိုင်မြဲအောင် ဆောင်ရွက်ကြပါစို့ ဟူသည့် အစည်းအဝေး၏ ဆောင်ပုဒ်နှင့် အညီ ဆွေးနွေးမှုများကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်မှုသည်လည်း နိုင်ငံခြားရေးအခန်းကဏ္ဍအတွက် ထင်သာမြင်သာရှိစေခဲ့သည်။

(၆) ရခိုင်ပြည်နယ် ပဋိပက္ခ အရေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး အတွက် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

အစိုးရသစ်အတွက် ၂၀၁၇ ခုနှစ်အတွင်း စိန်ခေါ်မှုတစ်ခုသည် ၂၀၁၆ ခုနှစ် ပြီးနောက် ဒုတိယအကြိမ် ထပ်မံ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသ ပဋိပက္ခ အရေး ဖြစ်သည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ တိုက်ခိုက်မှုဖြစ်စဉ်အပြီး ရခိုင်ပြည်နယ်အရေးကိစ္စအား ဖြေရှင်းနိုင်ရန် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ ထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံံ့ဖြိုးရေးစီမံကိန်း (UEHRD) ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ အတွင်း ထူထောင်ဖွဲ့စည်းခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် UEHRD ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူကာ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ကြုံတွေ့နေရသည့် အခြေအနေများ နှင့် ပတ်သက်၍ အဓိက လုပ်ငန်းစဉ်ကြီး (၃) ခု ဖြစ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေးနှင့်ဒုက္ခသည်များ ပြန်လည်လက်ခံရေး ၊ ပြန်လည်နေရာချထားရေး နှင့် ပြန်လည်ထူထောင်ရေး၊ ဒေသဖွံ့ဖြိုးရေး နှင့် ရေရှည် ပဋိပက္ခကင်းဝေးရေး တို့အား ဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ်အရေး အပြုသဘောဖြေရှင်းရန်အတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည့် နိုင်ငံတကာ အသိုင်းအဝိုင်း အားလုံးကို ကြိုဆိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး အတွက် နိုင်ငံတော်အခြေပြမိန့်ခွန်း၌ ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ ရခိုင်အရေး ဖြေရှင်းရန် အတွက် အကြံပြုချက် ၃ ချက် အဖြစ် ပထမ အချက် အနေဖြင့် အပစ်အခတ်ရပ်စဲရေး ကို အကောင်အထည် ဖော်ပြီး တည်ငြိမ်အေးချမ်းမှု ရရှိရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ သို့မှသာ ပြည်သူလူထု များအနေဖြင့် တည်ငြိမ်အေးချမ်းမှု ကိုရရှိပြီး နေအိမ်စွန့်ခွာခြင်း ကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် ယင်းပထမ အချက် ကို အကောင်အထည် ဖော်နိုင်ခဲ့ပြီးဖြစ်ကာ ပြန်လည် မဖြစ်ပွားရန် ကို ထိန်းသိမ်းရမည် ဖြစ်ကြောင်း တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက မြန်မာနိုင်ငံသို့ရောက်ရှိခဲ့စဉ် ပြောကြားခဲ့သည်။

ဒုတိယ အချက်အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း မှ မြန်မာ နိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အကြား အနီးကပ် ဆွေးနွေးမှု ထားရှိခြင်းကို ထောက်ခံအားပေးရမည်ဖြစ်ပြီး ချစ်ကြည်ညီမျှသည့် ညှိနှိုင်းဆွေးနွေးမှုဖြင့် ဖြေရှင်းမှု နည်းလမ်း အမြန်ဆုံး ရရှိရန် ထောက်ခံအားပေးရမည် ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် နှစ်နိုင်ငံ အနေဖြင့် ဒုက္ခသည် များ ပြန်လည် လက်ခံခြင်းနှင့် ပတ်သက်၍ ကနဦး သဘောတူညီမှု ရရှိပြီးဖြစ်ကာ သဘောတူညီမှု စာချုပ်အမြန်ဆုံးချုပ်ဆိုကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း ပြောကြား ခဲ့သည်။

တတိယ အချက်အနေဖြင့် ပြဿနာ ဖြစ်ပွားသည့် အဓိက အရင်းအမြစ် ကို ရှာဖွေရမည် ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှု သည် မတည်ငြိမ်မှု ဖြစ်ပွားစေသည့် အဓိက အကြောင်းအရင်း ဖြစ်ကြောင်း ၊ ရခိုင်ပြည်နယ် သည် သယံဇာတ ပေါများသည့် ဒေသ တစ်ခု ဖြစ်ပြီး ဖွံ့ဖြိုးမှု နောက်ကျနေသဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း မှ ယင်းဒေသအတွင်းရှိ ပြည်သူများ ဆင်းရဲနွမ်းပါးမှု ပပျောက်စေရန် အတွက် ထောက်ခံကူညီမှု နှင့် ရင်းနှီးမြှုပ်နှံမှု များ ကို ပိုမို ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ မှ အကြံပြုခဲ့သည့် အချက် ၃ ချက်သည်လည်း မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လုံး၏ ထောက်ခံမှု ကိုရရှိခဲ့ပြီး အခြားနိုင်ငံများ၏ နားလည်ထောက်ခံမှု ရရှိရန် မျှော်လင့်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဆက်လက်၍ ရခိုင်အရေး ဖြေရှင်းရန် အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍတွင် ပါဝင်သွားလိုကြောင်း ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံမှ ရခိုင်ဒေသတည်ငြိမ်အေးချမ်းရေး နှင့် ငြိမ်းချမ်းရေး အတွက် မြန်မာအစိုးရ၏ ကြိုးပမ်း အားထုတ်မှုများ အပေါ် ချီးကျူးခဲ့ပြီး ထိုကိစ္စသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဖြေရှင်းရမည့်ကိစ္စဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း နှင့် အတူတကွ အပြုသဘောဆောင်သည့် ဆောင်ရွက်မှု များကို ပြုလုပ် သွားလိုကြောင်း ဖော်ပြခဲ့သည်။

နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် ရခိုင်ပြည်နယ်တွင် တည်ငြိမ်ရေး ၊ အေးချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် မြန်မာ အစိုးရ၏ ကြိုးပမ်း အားထုတ်မှုများတွင် ပါဝင် ပံ့ပိုး ပေးကြခြင်း သည်သာ ဤကိစ္စ ဖြေရှင်းရေး အတွက် အကောင်းဆုံး ကူညီနိုင်မည့် နည်းလမ်း ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသည်လည်း ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့် အစီအစဉ်များကို လက်မှတ်ရေးထိုးခဲ့ကြပြီး မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ပူးတွဲလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းသွားရန်ရှိကြောင်း သိရသည်။

ထိုလုပ်ငန်းအဖွဲ့သည် လက်မှတ်ရေးထိုးခဲ့သည့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများနှင့်ပတ်သက်၍ ဆောင်ရွက်မည့်အစီအစဉ်ကို အခြေခံ၍ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရယူရေးအတွက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှု များ ပြုလုပ်ကာ လိုအပ်သည့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ အကောင်အထည်ဖော်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပူးတွဲလုပ်ငန်းအဖွဲ့သည် ပြန်လည်လက်ခံရေးအစီအစဉ်တွင် ပါရှိသည့် လိုက်နာဆောင်ရွက်ရမည့် အထွေထွေမူဘောင်များ၊ မူဝါဒရေးရာအစီအမံများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.