Connect with us

Politics, Law & Military

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံမှု လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အား တွေ့ရစဉ် (ဓာတ်ပုံ-M.O.I)

ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားခြံစည်းရိုး ကာရံမှုလုပ်ငန်းများ အတွက် ချထားပေးသည့် ဘတ်ဂျက်ကို ဖြတ်တောက်ခြင်း မရှိသည့်အပြင် လက်တွေ့ မြေပြင်တွင်လည်း ခြံစည်းရိုး ကာရံမှုလုပ်ငန်းများ ဆက်လက်လုပ်ကိုင် နေပြီဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးထံမှ သိရှိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဘတ်ဂျက်တွင် နယ်စပ်ခြံစည်းရိုး ကာရံရန် အတွက် ငွေကျပ်သန်းပေါင်း ၅,၅၄၄ ဒသမ ၈၂၃ သန်း (၅ ဒသမ ၅ ဘီလီယံကျော်) ကို ခွဲဝေ လျာထားခဲ့ကြောင်း သိရသည်။ ယင်းငွေကို ပြီးခဲ့သည့် အစိုးရ လက်ထက်က ပထမအကြိမ် လွှတ်တော်တွင် ဘတ်ဂျက်ခွဲဝေမှု အတည်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိ အစိုးရသစ် တက်လာပြီး ဘတ်ဂျက်များ ပြန်လည်စိစစ်မှု လုပ်သော်လည်း မူလဘတ်ဂျက်တွင် ခွဲဝေထားသည့် နယ်စပ် ခြံစည်းရိုး ကာရံရန် ခွဲဝေပေးထားသည့် ငွေကျပ် ၅ ဒသမ ၅ ဘီလီယံကျော် ကိုမူ ဖြတ်တောက်ခြင်း၊ လျှော့ချခြင်း မပြုခဲ့ကြောင်း ဆိုသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံခြင်းနှင့် ပတ်သက်၍ ဘတ်ဂျက် ဖြတ်တောက်လိုက်သည်ဟု Facebook အပါအဝင် အတည်ပြုနိုင်ခြင်း မရှိသည့် သတင်းများစွာ ထွက်ပေါ်နေပြီး နယ်စပ် လုံခြုံရေးကို စိုးရိမ် ပူပန်ကြသဖြင့် ဝေဖန်ပြောကြားနေမှုများ အပြင် သတင်းဌာန အချို့က နယ်စပ် ခြံစည်းရိုး ဘတ်ဂျက် အကြောင်း မေးမြန်းလာခြင်းများကြောင့် ယခုကဲ့သို့ ရှင်းလင်းရခြင်း ဖြစ်ကြောင်းနှင့် ပထဝီနိုင်ငံရေး အရ နယ်စပ် နယ်နိမိတ် များ လုံခြုံရေးသည် အမျိုးသား လုံခြုံရေး ဖြစ်သည်ကို အစိုးရအဆက်ဆက် အလေးထား ဆောင်ရွက် သွားကြရမည်သာ ဖြစ်ကြောင်း ဦးဇော်ဌေးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
ဆက်လက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံခြင်းကို၂၀၀၉ ခုနှစ် မှ စတင်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ စစ်ထောက်ချုပ်ရုံးကိုအလုပ်အပ်နှံ၍ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဘတ်ဂျက်ကို ပြည်ထဲရေး ဝန်ကြီး ဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ငွေလုံးငွေရင်းတွင် ထည့်သွင်း တောင်းခံပြီး ဘတ်ဂျက် ရရှိမှုအပေါ် မူတည်၍ ခြံစည်းရိုး ကာရံရန် စစ်ထောက်ချုပ် ရုံးအောက်ရှိ စစ်အင်ဂျင်နီယာ တပ်များသို့ အလုပ်အပ်နှံရကြောင်း၊၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အဆင့် (၄) ဆင့်ကို တောက်လျှောက် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၏ မူလဘတ်ဂျက် လျာထားချက်တွင် မပါဝင်သဖြင့် ဖြည့်စွက် ဘတ်ဂျက်တွင် ထည့်သွင်း တောင်းခံခဲ့ သော်လည်း မရခဲ့ကြောင်း၊ ဖြည့်စွက် သုံးစွဲမှုများကို စိစစ်၍ နောက်နှစ် ဘတ်ဂျက်အသစ်တွင် ထည့်သွင်း တောင်းခံရန် စီစဉ်ခဲ့ကြောင်း၊ နယ်ခြား ခြံစည်းရိုး ကာရံမှု လုပ်ငန်းများ အတွက် ချထားပေးသည့် ဘတ်ဂျက်ကို ဖြတ်တောက်ခြင်း မရှိသည့် အပြင် မြေပြင်တွင်လည်း ခြံစည်းရိုး ကာရံ လုပ်ကိုင်နေပါကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.