Connect with us

Science & Technology

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ပြည်သူ့အတွက် ဒုတိယ တစ်နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့မှုများရှင်းလင်း

သူဌေးရေအားလျှပ်စစ်စီမံကိန်းအားတွေ့ရစဉ် (ဓာတ်ပုံ-- လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ)

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ပြည်သူ့အတွက် ဒုတိယ တစ်နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတင် မောင်ဦး က ရှင်းလင်းပြောကြားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၆-၂၀၁၇ ခုနှစ်အထိ တိုးတက်မှု အနေဖြင့် ၄၀ မဂ္ဂါဝပ် ရှိ မြစ်သာရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ ၅၀ မဂ္ဂါဝပ်ရှိ သီလဝါ ဓာတ်အားပေး စက်ရုံ၊ ၁၃၃ မဂ္ဂါဝပ်ရှိ မြင်းခြံ ဓာတ်အားပေးစက်ရုံတို့ကို တည်ဆောက်ပြီးစီးခဲ့သည့်အပြင် မော်လမြိုင် စက်ရုံ၌ Gas Turbine ကို ၂၀၁၅-၂၀၁၆ ခုနှစ်တွင်လည်းကောင်း၊ ၇၈ မဂ္ဂါဝပ်ရှိ Combined Cycled Power Plant ကို ၂၀၁၆-၂၀၁၇ တွင်လည်းကောင်း စက်တပ်ဆင်ပြီးစီး ခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ခုနှစ်တွင် ၁၁၈ မဂ္ဂါဝပ်ရှိ သထုံဓာတ်အားပေးစက်ရုံ၊ ၁၀၆ မဂ္ဂါဝပ် ရှိ သာကေတ ဓာတ်အားပေးစက်ရုံနှင့် ၂၂၅ မဂ္ဂါဝပ်ရှိ မြင်းခြံ Sembcorp ဓာတ်အားပေး စက်ရုံ စုစုပေါင်း ၃ ရုံ ပြီးစီးနိုင်မည်ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ် မတ်လမှ ၂၀၁၈ ခုနှစ် မတ်လအထိ ကျေးရွာပေါင်း ၂၇၀၀ ကျော်၊ အိမ်ထောင်စုပေါင်း ၇ သိန်းကျော် ဓာတ်အား ရရှိခဲ့ကြောင်း၊ ဓာတ်အားလိုင်း ရှင်းလင်းမှုအနေဖြင့် ၄၅ ရာခိုင်နှုန်းကျော် ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဓာတ်အားဆုံးရှုံး မှုကို ၃ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ကြောင်း၊ အမျိုးသားလျှပ်စစ်ဓာတ်အား ပင်မစီမံချက်(National Electricity Master Plan-NEP) အရ ၂၀၁၅ ခုနှစ်တွင် ၂၅၂၇ မဂ္ဂါဝပ် သုံးစွဲခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ၄၅၃၁ မဂ္ဂါဝပ် တိုးတက်သုံးစွဲ မည်ဖြစ်၍ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၂၀၀၄ မဂ္ဂါဝပ် ရှိမည်ဖြစ်ကြောင်း၊ နှစ်စဉ် နွေရာသီကာလအတွင်း အမြင့်ဆုံးသုံးစွဲခဲ့သည့် ဓာတ်အား လိုအပ်ချက်အား ဓာတ်အား ပေးစက်ရုံများမှ ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ ယင်းထုတ်လုပ်မှုများတွင် နှစ်စဉ် တိုးတက် သုံးစွဲ လာသည့် ဓာတ်အားတောင်းခံမှုများကို အပြည့်အ၀ ဖြည့်ဆည်းနိုင်ခြင်းမရှိဘဲ ဆိုင်းငံ့ ထားရသည့် ဓာတ်အားတောင်းခံမှုများ ရှိကြောင်း၊ အဆိုပါဓာတ်အား တောင်းခံ လျှောက်ထား မှုများအား အပြည့်အ၀ ဖြည့်ဆည်းပေးပါက တိုးတက်မှုနှုန်းမှာ ၁၅ ရာခိုင်နှုန်း အထိ ရှိလာမည်ဖြစ်ကြောင်းသိရသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ၂၀၁၆ ခုနှစ် မတ်လမှ ၂၀၁၈ ခုနှစ်အထိ ကမ်းလွန်လုပ်ကွက်အသစ် ၆ ခုနှင့် ကုန်းတွင်း လုပ်ကွက်အသစ် ၄ ခုကို ရှာဖွေ ဖော်ထုတ် နိုင်ခဲ့ပြီး ကုန်းတွင်းပိုင်းနှင့် ကမ်းလွန်ပိုင်း လုပ်ကွက်ပေါင်း ၁၀၄ ကွက်ကို သတ်မှတ် လုပ်ကိုင်ခွင့် ပြုထားကြောင်း၊ပြင်သစ်နိုင်ငံ TOTAL ကုမ္ပဏီနှင့် ဂျာမနီနိုင်ငံ SIEMENSA.G ကုမ္ပဏီတို့၏ ရင်းနှီးမြှုပ်နှံမှုဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကန်ပေါက်ဒေသတွင် ၁၂၃၀ မဂ္ဂါဝပ်ထွက်ရှိမည့် LNG to Power စီမံကိန်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Zhefu Holding Group Co.,Ltd နှင့် မြန်မာနိုင်ငံ Supreme Trading Co.,Ltd တို့၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဧရာဝတီ တိုင်းဒေသကြီး၊ မီးလောင်ဂျိုင်ဒေသတွင် ၁၃၉၀ မဂ္ဂါဝပ်ထွက်ရှိမည့် LNG to Power စီမံကိန်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံ TTCL Public Company Limited ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အလုံတွင် ၃၅၆ မဂ္ဂါဝပ်ထွက်ရှိမည့် LNG to Power စီမံကိန်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Sinohydro Corporation Limited နှင့် မြန်မာနိုင်ငံ Supreme Trading Co.,Ltd တို့၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူတွင် ၁၃၅ မဂ္ဂါဝပ်ထွက်ရှိမည့် သဘာ၀ ဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိရေနံချက် စက်ရုံ ၃ ရုံအနက် ချောက်နှင့် သံပုရာကန် စက်ရုံနှစ်ရုံသာ လည်ပတ် လျက်ရှိရာ တစ်နေ့လျှင် ရေနံ ဂါလန် သုံးသိန်းခွဲခန့်သာ ချက်လုပ်နိုင်ကြောင်း၊ ပြည်တွင်းရှိ စက်ရုံများ၏ သက်တမ်းမှာ နှစ်ကာလ ကြာရှည်ခြင်း၊ ဒီဇိုင်းအရ ခေတ်မမီခြင်းတို့ကြောင့် ထွက်ရှိလာသော ဓာတ်ဆီ၊ ဒီဇယ်ဆီများမှာ ခေတ်မီ မော်တော်ယာဉ်များတွင် ထည့်သွင်း သုံးစွဲရန် မသင့်ခြင်း၊ ပြည်တွင်းသုံးစွဲမှု လိုအပ်ချက် များပြားခြင်းတို့ကြောင့် နှစ်စဉ်ရေနံ ထွက်ပစ္စည်း ဂါလန် တန်ချိန် ၄ သန်းခန့်ကို ပြည်ပမှ ဝယ်ယူသုံးစွဲနေရကြောင်း၊ပြည်တွင်းရှိ ရေနံချက်စက်ရုံများကို ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်း၍ ပြည်တွင်းလို အပ်ချက်ကို ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း၊ စီးပွားရေးတွက်ချေ ကိုက်သည့် အရွယ်အစား ရှိပြီး ခေတ်မီနည်းပညာရပ်များဖြင့် အရည်အသွေးမြင့် ရေနံထွက်ပစ္စည်းများ ထုတ်လုပ်နိုင်သည့် ရေနံချက်စက်ရုံအသစ် တည်ဆောက်ရန် အတွက် ရင်းနှီးမြှုပ်နှံသူများကိုလည်း ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ဓာတ်မြေသြဇာ စက်ရုံ ငါးရုံရှိပြီး စက်ရုံ နှစ်ရုံမှာ သဘာဝဓာတ်ငွေ့လုံလောက်စွာ မရရှိ၍ ရပ်ဆိုင်းထားကြောင်း၊ လည်ပတ်လျက်ရှိသော စက်ရုံ သုံးရုံမှာ စက်စွမ်းအား ကျဆင်းလာခြင်းကြောင့် စီးပွားဖြစ်တွက်ချေကိုက် ထုတ်လုပ်ရန် ရုန်းကန်လျက်ရှိပြီး ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင် ဖြည့်ဆည်းနိုင်ခြင်းမရှိကြောင်း၊ ပြည်တွင်း လိုအပ်ချက်မှာ နှစ်စဉ် ဓာတ်မြေသြဇာ တန်ချိန် ၁၂ သိန်းဝန်းကျင်ခန့်ရှိပြီး စက်ရုံများမှ ၁ ဒသမ ၂ သိန်းခန့်သာ ထုတ်လုပ်နိုင်သည့်အတွက် စီးပွားဖြစ် တွက်ခြေကိုက်သော စက်ရုံများဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရေနံဓာတ်ငွေ့ရည်ကဏ္ဍ ဖြန့်ဖြူးထုတ်လုပ်မှု တိုးတက်စေရေးအတွက် LPG Terminal တစ်ခုကို ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့် နှစ်တွင် အိမ်ထောင်စု ၁ သန်းအား ရေနံဓာတ်ငွေ့ရည် တိုးချဲ့ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်ဆောင် ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်း၌ လျှပ်စစ်ဓာတ်အားသုံးစွဲမှု လျော့ကျရေး၊ သစ်တောပြုန်းတီးမှု လျှော့ချနိုင်ရေးအတွက် ထင်းမီးသွေး သုံးစွဲမှုကို အစားထိုး နိုင်ရေးနှင့် ကျေးလက်မြို့ပြ ပြည်သူအားလုံး သုံးစွဲနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ပြည်သူ့အတွက် ဒုတိယ (၁) နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.