Connect with us

Media

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမ သုံးလပတ်၌ ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၁၅ သန်းကျော် ဝင်ငွေရရှိ

ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်၌ ရေထွက်ကုန် ၆၉,၆၁၂ တန် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအနေဖြင့် အမေရိကန်ဒေါ်လာ ၁၁၅.၂၄၂ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဇူလိုင် ၁၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် အလားတူကာလတွင် ရေထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၃၅.၆၀၃ သန်း ဝင်ငွေရရှိခဲ့သောကြောင့် ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ရေထွက်ကုန်တင်ပို့မှုမှ ရရှိသည့် ဝင်ငွေမှာ ယမန်နှစ်ကာလတူထက်လျော့နည်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

“မြန်မာနိုင်ငံရဲ့ရေထွက်ကုန်ကို တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံကို အဓိကတင်ပို့နေရပါတယ်။ ရေထွက်ကုန်စုစုပေါင်း တင်ပို့မှုရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကို တရုတ်နိုင်ငံကို တင်ပို့ပါတယ်။ ထိုင်းကတော့ နယ်စပ်ကုန်သွယ်ရေးကနေ တစ်ဆင့် တင်ပို့ပြီး တရုတ်နိုင်ငံကတော့ လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း ဆိုပြီး လမ်းကြောင်းသုံးသွယ်နဲ့ တင်ပို့ပါတယ်။ တရုတ်နိုင်ငံကို တင်ပို့တဲ့အခါ လေကြောင်းကတော့ ရေသတ္တဝါ အရှင် တင်ပို့တယ်။ ရေကြောင်းကတော့ အအေးခန်းစက်ရုံတွေကနေ ကွန်တိန်နာတွေနဲ့တင်ပို့ပါတယ်။ ကုန်းကြောင်းကတော့ မူဆယ်ထွက်ပေါက်ကနေ တင်ပို့မှုရှိပါတယ်” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးညွန့်ဝင်းက ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၁၁ ရက်တွင်ပြောသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံက ရေထွက်ကုန်တင်ပို့မှုမှတစ်ဆင့် အမေရိကန် ဒေါ်လာ သန်း ၈၀၀ ခန့် ဝင်ငွေရရှိစေရန် မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း ဦးညွန့်ဝင်း၏ ပြောကြားချက်အရ သိရသည်။

“အဓိကကတော့ ကုန်သွယ်ဘက်ဖြစ်တဲ့ တရုတ်နိုင်ငံကို တင်ပို့ဖို့အတွက် GACC ကနေ Food safety ဆိုင်ရာ လိုက်ပါဆောင်ရွက်ရမယ့်သဘောတူစာချုပ်တွေချုပ်ဆိုဖို့လုပ်ထားတာရှိပါတယ်။ အဲဒိမှာ အပိုင်း ၃ ခုခွဲထားပါတယ် ။ (၁) သဘာဝက ရရှိတဲ့ ရေထွက်ကုန် (၂) မေွးမြူရေးက ရရှိတဲ့ရေထွက်ကုန် (၃) ရေသတ္တဝါအရှင် (ကဏန်း၊ ငါးရှဉ့်၊ ကျောက်ပုစွန်၊ ကင်းပုစွန်) တို့ အတွက် သဘောတူညီမှုစာချုပ် ၃ ခုလုပ်ဖို့ လုပ်နေပါတယ်။ သဘာဝကရတဲ့ Protocol အတွက်ကတော့ နှစ်ဘက်ညှိနှိုင်းမှုပြီးသွားပါပြီ။ မွေးမြူရေးရေထွက်ကုန်နဲ့ ပတ်သက်ပြီး အပြီးသတ်မူကြမ်း ပြီးတဲ့အတွက် တရုတ်နိုင်ငံဘက်ကို ပေးပို့ထားပါတယ်။ တရုတ်နိုင်ငံက မကြာခင် အကြောင်းပြန်မယ်လို့မျှော်မှန်းထားပါတယ်။ရေသတ္တဝါအရှင် တင်ပို့မှုနဲ့ ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ သဘောထားမှတ်ချက်ကို ရရှိဖို့ ဆောင်ရွက်နေပါတယ်” ဟု ဦးညွန့်ဝင်းက ဖြည့်စွက်ပြောကြားသည်။

မြန်မာ့ရေထွက်ကုန်များကို ဂျပန်နိုင်ငံ၊ ဥရောပနိုင်ငံများ၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများသို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုဖြင့် တင်ပို့လျက်ရှိကြောင်း သိရသည်။ ငါး၊ ပုစွန်၊ ကဏန်းနှင့် ရေထွက်ကုန်ပစ္စည်းများကို မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်နှင့် မောင်တောနယ်စပ်များမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ (Xinhua)