Connect with us

Science & Technology

“The Wandering Earth” ရုပ်ရှင်က တရုတ်နိုင်ငံ၏ သိပ္ပံရုပ်ရှင်ကဏ္ဍအတွက် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်လိုက်လေသလား


ပေကျင်း၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံးသော ငွေကုန်ကြေးကျများပြီး အဆင့်မြင့်နည်းပညာပါဝင်သည့် သိပ္ပံဇာတ်ကား “The Wandering Earth” က တရုတ် ရုပ်ရှင်ချစ်သူတွေအတွက် ခေတ်သစ်တစ်ခုဖွင့်လှစ်လိုက်လေသလားဟူ၍ မျှော်လင့်ချက်များ မြင့်တက်လာစေခဲ့သည်။

Hugo ဆုရှင် လျူချီရှင် (Liu Cixin) ၏ဇာတ်လမ်းအား ထိတ်လန့်တုန်လှုပ်ဖွယ်၊ ပုံမှန်မဟုတ်သော ဆက်တင်များဖြင့် ဖန်တီးထားသည်ကို တွေ့ရပေမည်။ရုပ်ရှင်ထဲတွင် လူသားမျိုးနွယ်အနေဖြင့် ပျက်စီး ပေါက်ကွဲလုနီးသော နေမင်း၏ ခြိမ်းခြောက်မှုခံနေရပြီး နေမင်းအသစ်တစ်စင်းအား ရှာဖွေရန် နေစကြဝဠာအဖွဲ့အစည်း အပြင်ဘက်သို့ ကမ္ဘာဂြိုဟ်ကို ဒုံးပျံကြီးများဖြင့် တွန်းထုတ်ပြီး နှစ်ပေါင်း ၂,၅၀၀ ခရီးကိုစတင်ခဲ့ကြသည်။ တရုတ်နိုင်ငံသား အာကာသယာဉ်မှူး တစ်ဦးနှင့် ၎င်းနှင့်အဆက်အသွယ်ပြတ်နေသည့် သားတို့က ကမ္ဘာဂြိုဟ်အား ဂျူပီတာဂြိုဟ်နှင့် တိုက်မိခြင်းမှ ကာကွယ်ရန် ကမ္ဘာတစ်ခုလုံးနှင့်ဆိုင်သောတာဝန် ပူးတွဲလုပ်ဆောင်မှုအပေါ် ဇာတ်အိမ်တည်ထားသည်။

“The Wandering Earth” ရုပ်ရှင်ပိုစတာနှင့် ဇာတ်ကားအား ဖန်တီးသူများနှင့် ပါဝင်သည့် သရုပ်ဆောင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ထိုရုပ်ရှင်က “သူရဲကောင်းဆန်သည့်ဇာတ်ကား” တစ်ခုမဟုတ်သော်လည်း “လူ့အဖွဲ့အစည်းတစ်ခု” ပျက်သုဉ်းသွားမည့်အရေးကို လူသားများက ကာကွယ်တိုက်ခိုက်ခြင်းကို ရိုက်ကူးပြသထားခြင်းဖြစ်ကြောင်း “The Wandering Earth” ၏ ဒါရိုက်တာ Guo Fan က ဆင်ဟွာသတင်းအေဂျင်စီနှင့် တွေ့ဆုံစဉ် ပြန်ပြောင်းပြောပြသည်။

“The Wandering Earth” ရုပ်ရှင်ပိုစတာနှင့် ဇာတ်ကားအား ဖန်တီးသူများနှင့် ပါဝင်သည့် သရုပ်ဆောင်များအား တွေ့ရစဉ် (ဆင်ဟွာ

“ဒါက နိုင်ငံတွေ၊ လူမျိုးတွေနဲ့ ဘာသာစကားတွေနဲ့ပဲ ဘာမှမသက်ဆိုင်ဘူး။ ကမ္ဘာကြီးဘေးဒုက္ခရောက်နေတဲ့အချိန်မှာ အားလုံးက တူညီတဲ့ရွေးချယ်မှုကို့ လုပ်ကြရမှာပါ။ ကျွန်တော်တို့ရဲ့ဇာတ်ကားထဲမှာ ကမ္ဘာကြီးကို ကယ်တင်တဲ့သူက သူရဲကောင်းကြီးတွေမဟုတ်ဘူး။ သာမန်လူတွေက တစ်စုတစ်စည်းပေါင်းပြီးတော့ ကမ္ဘာကြီးတည်ရှိလည်ပတ်မှုကို စတင်လုပ်ဆောင်ကြတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဟောလိဝုဒ်ပုံစံမြင်ကွင်းများနှင့် ကွဲပြားစွာဖြင့် မြင်တွေ့ရမည့် “The Wandering Earth” ရုပ်ရှင်တွင် ရုပ်ရှင်ချစ်သူများ၏ အားပေးမှုရရှိရန် ကြိုးစားတင်ဆက်ထားသည်ကို တွေ့ရပေမည်။တရုတ်နိုင်ငံက ကမ္ဘာ့ ဒုတိယအကြီးဆုံး ရုပ်ရှင်ဈေးကွက်တစ်ခုဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ရုပ်ရှင်လက်မှတ် ရောင်းရငွေ ယွမ် ၅၅.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈.၀၅ ဘီလီယံခန့်) ရရှိခဲ့သည်။

“The Wandering Earth” ဇာတ်ကားမှာ အထူးပွဲများ ပြသစဉ်တွင်ပင် “အနာဂတ် မျှော်လင့်ချက်ကောင်း” အဖြစ် မူရင်းဝတ္ထုရေးသူ လျူ၏ ချီးကျူးပြောစကား အပါအဝင် သုံးသပ်ချက်ကောင်းများ ရရှိခဲ့သည်။“ဒါက တရုတ်နိုင်ငံရဲ့ ပထမဆုံး ငွေကုန်ကြေးကျများလှတဲ့ သိပ္ပံရုပ်ရှင်ကားဆိုတာကို ယုံကြည်ဖို့တောင် ခက်လှပါတယ်” ဟု “The Three-Body Problem” ရေးသားသူ ဆုများရှင် စာရေးဆရာ လျူက ပြောခဲ့သည်။

၎င်းက ဆက်၍ “ဒါက ရုပ်ရှင်ရုံမှာ လက်မှတ်တွေရောင်းကောင်းတယ်ဆိုရင် ဒါက တရုတ်နိုင်ငံရဲ့ အနာဂတ် သိပ္ပံရုပ်ရှင်တွေအတွက် ကောင်းသောစတင်ခြင်းတစ်ခုပါပဲ” ဟု မှတ်ချက်ပြုခဲ့သည်။အဆိုပါ ရုပ်ရှင် ရိုက်ကူးရန် အချိန် လေးနှစ်ကြာမြင့်ခဲ့ကြောင်း ဆယ်ကျော်သက်ဇာတ်ကားတစ်ကားနှင့် ကြည်နူးဖွယ် အချစ်ဇာတ်ကားတစ်ကား ရိုက်ကူးခဲ့သူ Guo က ၎င်း၏ အဖွဲ့အနေဖြင့် အရည်အသွေးမြင့် ရုပ်ရှင်ကားတစ်ကား ထုတ်လုပ်ဖို့ဆိုသော မယုံကြည်နိုင်မှုကို အချိန်တိုင်း ကျော်ဖြတ်နေရခြင်းက အခက်အခဲဆုံးအပိုင်းဖြစ်ကြောင်း ပြောခဲ့သည်။ “ကျွန်တော်တို့အတွက် အချိန်အကြာကြီး လုပ်ဆောင်ခဲ့တာက ယုံကြည်မှုကို ရရှိစေခဲ့ပါတယ်” ဟု Guo က ဆိုသည်။

“The Wandering Earth” ရုပ်ရှင်က တရုတ်နိုင်ငံတွင် အားလပ်ရက် ရုပ်ရှင်သွားကြည့်ကြသည့်ကာလဖြစ်သော နွေဦးပွဲတော် အားလပ်ရက်မှာ ယှဉ်ပြိုင်မှုကြီးတစ်ခုဖြစ်ခဲ့သည်။ “The Wandering Earth” နှင့်အတူ လူကြိုက်များသော ဟာသဇာတ်မြူးရုပ်ရှင်ကား သုံးကားဖြစ်သည့် “Crazy Alien” ၊ “Pegasus” နှင့် “The New King of Comedy” ၊ ဂျက်ကီချန်း၏ “The Knight of Shadow : Between Yin and Yang” ၊ ဟောင်ကောင် မှုခင်းရုပ်ရှင် “Integrity” စသည့် ဇာတ်ကားများနှင့် ရုံတင်ရာတွင်အပြိုင်ဖြစ်ခဲ့သည်။အဆိုပါ ရုပ်ရှင်အား အမေရိကန်နိုင်ငံ၊ သြစတြေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံရှိ ရုပ်ရှင်ရုံများတွင် ဖေဖော်ဝါရီလ ၅ ရက်တွင် ရုံတင်ပြသခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံတွင်လည်း ဖေဖော်ဝါရီလ ၅ ရက်တွင် ရုံတင်ပြသခဲ့သည်။ခြေလှမ်းသစ်

“The Wandering Earth” ဇာတ်ကားက တရုတ်နိုင်ငံ၏ သိပ္ပံရုပ်ရှင်ကဏ္ဍကို စိတ်လှုပ်ရှားဖွယ် ရိုက်ခတ်မှုဖြစ်စေပြီး တရုတ်အာကာသယာဉ်မှူးများပင်လျှင် အထူးပွဲပြသစဉ်အတွင်း အပြုသဘောဆောင်သော သုံးသပ်ချက်များ ပေးခဲ့သည်။“‘The Wandering Earth’ က တရုတ်နိုင်ငံရဲ့ သိပ္ပံရုပ်ရှင်အတွက် အသစ်အစပြုခြင်းအဖြစ် အသိအမှတ်ပြုရမှာ ဖြစ်တယ်” ဟု လျူချီရှင်၏အေးဂျင့်နှင့် သိပ္ပံရုပ်ရှင်ဇာတ်လမ်းရေးသူအသစ်များအား ပျိုးထောင်ပေးသူ အနာဂတ်ရေးရာ စီမံခန့်ခွဲမှု တည်ထောင်သူ Ji Shaoting က မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံသည် ၁၉၈၀ ပြည့်လွန်နှစ်များနှင့် ၁၉၉၀ ပြည့်လွန်နှစ်များတွင် “The Ozone Layer Vanishes” အပါအဝင် အရည်အသွေးမြင့် သိပ္ပံရုပ်ရှင်အချို့ ထုတ်လုပ်ခဲ့သော်လည်း ရာစုသစ်တွင်မူ ဟောလိဝုဒ် လျှမ်းလျှမ်းတောက် ဇာတ်ကားများက အပြင်းအထန်ကာဆီးနေသည်ကို ကြုံတွေ့ခဲ့ရပြီး သိပ္ပံဇာတ်ကား ဖန်တီးနိုင်စွမ်း သံသယများက ရုပ်ရှင်လုပ်ငန်းအား နှစ်ပေါင်းများစွာ အတားအဆီးဖြစ်ခဲ့ကြောင်း Ji က သုံးသပ်ခဲ့သည်။

သို့သော်လည်း ယခုတွင် ရုပ်ရှင်လုပ်ငန်းနှင့် ဈေးကွက်နှစ်ခုလုံးက ပြောင်းလဲမှုဖို့ လက္ခဏာများ ရှိနေပြီဖြစ်သည်။ တရုတ်နိုင်ငံ၏ နည်းပညာ ပွင့်လင်းလာပြီး သိပ္ပံရုပ်ရှင်အတွက် ပြည်သူများ၏ စိတ်အားထက်သန်မှုကလည်း ပြန်လည်ဆန်းသစ်လာခဲ့ပေပြီ။ ဤရုပ်ရှင်၏ အဖြစ်အပျက်က အာကာသစခန်းတစ်ခုတွင် တရုတ် အာကာသယာဉ်မှူးတစ်ဦး၏ လုပ်ကိုင်ပုံအကြောင်းကို ပရိသတ်များအား သိရှိစေမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ကိုယ်ပိုင်အာကာသစခန်းထားရှိရေးဟူသော နိုင်ငံ၏ ရည်ရွယ်ချက်များကို ပိုမိုလက်ခံစေမည် ဖြစ်သည်။

တရုတ် သိပ္ပံဝတ္ထုရေးဆရာ ဟန်ဆုံ (Han Song) က “တရုတ်က အာကာသနည်းပညာတွေကို ဖမ်းမိထားတဲ့အတွက် ကျွန်တော်တို့အနေနဲ့ စကြဝဠာမှာ လူသားတွေရဲ့အခန်းကဏ္ဍကို စတင်ချင့်ချိန်တွေးဆနိုင်ပြီး ငါဘယ်သူလဲ ဆိုတဲ့ မေးခွန်းကို စတင်မေးနိုင်ပါတယ်” ဟု ဆိုသည်။“The Wandering Earth” ရုပ်ရှင် လက်မှတ်ရောင်းရငွေ ယွမ် ၁၆၁ သန်း (အမေရိကန်ဒေါ်လာ ၂၃.၈ သန်း) ရရှိခဲ့ပြီး တရုတ်နိုင်ငံ၏ Douban ဝက်ဘ်ဆိုက်တွင် အဆင့်သတ်မှတ်ချက် ၁၀ ရှိရာ ၈.၅ သတ်မှတ်ခြင်းခံခဲ့ရသည်။

Avatar ဇာတ်ကား ရိုက်ကူးသူ ဂျိမ်းစ်ကင်မရွန်းကလည်း “The Wandering Earth” ရုပ်ရှင်အား ၎င်း၏ Weibo အကောင့်တွင် “‘The Wandering Earth’ ၏ အာကာသခရီးရှည် ကံကောင်းပါစေ။ တရုတ် သိပ္ပံရုပ်ရှင်တွေ အာကာသခရီးရှည်နဲ့အတူ ကံကောင်းမှုများ ရရှိပါစေ” ဟု ဆုမွန်ကောင်းတောင်းခဲ့သည်။ထို့ပြင် နယူးယောက်တိုင်းမ်းသတင်းစာကလည်း တရုတ်နိုင်ငံ၏ ရုပ်ရှင်ခေတ်သစ်ကို ဤ “The Wandering Earth” ရုပ်ရှင်က ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်ကြောင်း တင်စားရေးသားခဲ့သည်။ (Xinhua)