Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံတွင် မိုးကြီး ရေလျှံမှုကြောင့် ဇူလိုင်လ ၂၇ ရက်အထိ သေဆုံးသူ ၂၀ ဦး ရှိပြီဟုဆို

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု အား မြင်တွေ့ရစဉ် (ဓာတ်ပုံ- မူဆယ်ခရိုင် ပြန်/ဆက်)

ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် မိုးကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင်လ ၂၇ ရက် ညနေဘက် အထိ စုစုပေါင်း သေဆုံးသူဦးရေ အယောက် ၂၀ ရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချွမ်ဟရဲ က ယနေ့ ဆင်ဟွာကို အတည်ပြု ပြောကြားသည်။

ဦးချွမ်ဟရဲက “ စစ်ကိုင်းတိုင်း ဒေသကြီးမှာ သေဆုံးသူဦးရေ ၇ ယောက်၊ ကချင်ပြည်နယ်မှာ ၁ ယောက်၊ ရှမ်းပြည်နယ်မှာ ၅ ယောက်၊ မန္တလေးတိုင်း ဒေသကြီးမှာ ၇ ယောက် ၊ စုစုပေါင်း အယောက် ၂၀ သေဆုံးခဲ့တယ်။ ဒါက မနေ့က ညနေအထိ စာရင်းပါ’’ ဟု ပြောသည်။

စစ်ကိုင်းတိုင်း ဒေသကြီးတွင် မင်းကင်း၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကနီ၊ ခင်ဦး၊ အရာတော်၊ ဝက်လက် မြို့နယ်များတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ရေဘေးသင့်သူ ဦးရေ စုစုပေါင်း ၉၁,၄၄၁ ဦး ရှိကြောင်း ဆိုသည်။ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ရေမျောအိမ် ၃၅ လုံး၊ ရေဝင်အိမ် ၁၄,၅၈၄ အိမ်၊ ပြောင်းရွှေ့ လူဦးရေ ၅,၇၄၃ ရှိကြောင်း ဦးချွမ်ဟရဲ က ဆိုသည်။

ကချင်ပြည်နယ်တွင် ဖားကန့်၊ မိုးကောင်း၊ မိုးညှင်း မြို့များတွင် ရေကြီးနေပြီး၊ မိုးကောင်းတွင် ပြောင်းရွှေ့အိမ်ထောင်စု ၉၁၁ အိမ်၊ မိုးညှင်းတွင် ပြောင်းရွှေ့အိမ်ထောင်စု ၁၈၄ အိမ် ရှိပြီး ၊ ရေဘေးသင့် လူဦးရေ ၅,၀၅၂ ဦးရှိကြောင်း ဆိုသည်။

ရှမ်းပြည်နယ်တွင် သီပေါ၊ မပင်း၊ မိုးမိတ် ဒေသများတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး၊ သီပေါတွင် ၁၇၃ အိမ် ရေဝင်ခဲ့ပြီး၊ မပင်းတွင် ၆၁၃ အိမ် ရေဝင်ခဲ့သည်။ မိုးမိတ်တွင် ၄၅၄ အိမ် ရေဝင်ခဲ့ ၍ ရှမ်းပြည်နယ်တွင် စုစုပေါင်း ရေဘေးသင့် ဦးရေ ၂,၂၈၂ ဦး ရှိကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီးတွင် မိုးကုတ် နှင့် သပိတ်ကျင်း ဘက်တွင် ရေကြီးရေလျှံခဲ့ပြီး ၊ မိုးကုတ်တွင် အိမ် ၂၇ လုံး ရေမျောခဲ့ကာ၊ သပိတ်ကျင်းတွင် ၅၇ လုံး ရေမျောခဲ့သည်။ မန္တလေးတိုင်း ဒေသကြီးတွင် စုစုပေါင်း ရေဘေးသင့်သူ ၂၃၁ ဦးရှိသည်။

လူသေဆုံးသည့် မြို့နယ်များမှာ စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူတွင် ၁ ဦး၊ ကျွန်းလှတွင် ၁ ဦး၊ ကနီတွင် ၁ ဦး၊ ကောလင်းတွင် ၄ ဦး ၊ ကချင်ပြည်နယ် မိုးကောင်းဘက်တွင် ၁ ဦး၊ ရှမ်းပြည်နယ် သီပေါတွင် သေဆုံးသူ ၅ ဦး၊ မန္တလေးတိုင်း ဒေသကြီး မိုးကုတ်တွင် ၃ ဦး၊ သပိတ်ကျင်းတွင် ၄ ဦး သေဆုံးခဲ့သည်။

မိုးလေဝသ နှင့် ဇလဗေဒ ဌာနမှ မိုး ဆက်လက် ကြီးနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန အနေဖြင့် ကူညီ ကယ်ဆယ်မှုများ ပြုလုပ်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.