Connect with us

Politics, Law & Military

ငြိမ်းချမ်းရေးရလဒ်ကောင်း သိသာထင်းရှားခဲ့သည့် ၂၀၁၈ ခုနှစ် နိုင်ငံရေးအခင်းအကျင်း

၂၀၁၈ ခုနှစ် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး ကဏ္ဍရှိ ပုံရိပ်များ(ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

၂၀၁၈ခုနှစ်သည် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံ၌ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး စသည့် အခန်းကဏ္ဍကြီးများ၏ ပြောင်းလဲတိုးတက်မှုများ အရှိန်အဟုန်မြင့်မားခဲ့သည့် နှစ်တစ်နှစ်ဖြစ်ခဲ့သည်။ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် မြန်မာနိုင်ငံပြည်သူများ လိုလားတောင့်တခဲ့သော ငြိမ်းချမ်းရေးအခန်းကဏ္ဍသည် လာမည့်နှစ်များအတွက် လားရာကောင်းများကို သယ်ဆောင်လာခဲ့သည်။ နိုင်ငံရေးလေ့လာသုံးသပ်သူများက ယခုတစ်နှစ်တာအတွင်း ဝန်ထမ်းလစားတိုးခြင်း၊ သမ္မတအပြောင်းအလဲ စသည့် ပြုပြင်ပြောင်းလဲမှုများထက် ထိုးစစ်များရပ်တန့်ပြီး ဆွေးနွေးမှုများနှင့် ရှေ့ဆက်မည့် သတင်းတစ်ခုတည်း နှင့် ယခုနှစ်သည် ငြိမ်းချမ်းခြင်း လမ်းစကို မြင်နေရသည့် နှစ်ဟု သုံးသပ်ကြသည်။

၂၀၁၈ ခုနှစ်အတွင်း တာထွက်ကောင်းခဲ့သော ငြိမ်းချမ်းရေး

မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှာတင် တာထွက်ကောင်းခဲ့ပြီး နှစ်ကုန်ပိုင်းတွင်လည်း လာမည့် နှစ်များအတွက် ငြိမ်းချမ်းခြင်းဆိုသော ရလဒ်များကို ရရှိစေမည့် နည်းလမ်းများဖြင့် အဆုံးသတ်ခဲ့သည်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)၌ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ ပါဝင် လက်မှတ်ထိုးခဲ့ခြင်းကြောင့် NCAတွင်လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့ထိ တိုးတက်ခဲ့သည်။ NCA လက်မှတ်ရေးထိုးထားသော အဖွဲ့များကြားတွင် ပစ်ခတ်တိုက်ခိုက်မှု ၈၀ ရာခိုင်နှုန်းထိလျော့ကျလာကြောင်း JMC-U ၏ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောကြားခဲ့သည်။သို့သော်လည်း NCAလက်မှတ်ထိုးထားသော အဖွဲ့အချို့ကြား ထိတွေ့မှု၊ပဋိပက္ခ အနည်းငယ်ရှိခဲ့ပြီး JMC-Uအနေဖြင့် ကြားဝင်ညှိုနှိုင်းမှုများပြုလုပ်ပေးခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးကို ဇူလိုင်လ၌သာ ကျင်းပနိုင်ခဲ့ပြီး သဘောတူညီချက် ၁၂ချက်ကို ချမှတ်နိုင်ခဲ့သည်။ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂)အဖြစ် ချုပ်ဆိုခဲ့ပြီး လာမည့်နှစ်အတွင်း နိုင်ငံရေးဆွေးနွေးပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားရကျေနပ်သူများရှိသလို အားမလိုအားမရနှင့် ဂရုဏာဒေါသထွက်နေသော လူများရှိနေချိန် ဒီဇင်ဘာ ၁၂ရက်၌ မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ဆက်ဆောင်ရွက်နိုင်ရန်ဆိုပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့(၃)ဖွဲ့ဖြစ်သည့်

မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ/ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာ မိတ်တပ်မတော်(MNTJP/MNDAA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော်(ULA/AA)တို့က သဘောထားထုတ်ပြန်ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ရာ နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်အတူ လက်ရှိဖြစ်ပွားနေသော စစ်ရေးပဋိပက္ခနှင့် နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ဖြေရှင်းနိုင်ရန် ဆန္ဒရှိပြီး မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးအား ဆောလျင်စွာဖော်ဆောင်နိုင်ရန်နှင့် ကောင်းမွန်သော ငြိမ်းချမ်းရေးအခင်းအကျင်းကို ဖန်တီးနိုင်ရန်အတွက် စစ်ရေးဆိုင်ရာဆောင်ရွက်မှုများကို ဦးစွာရပ်တန့်ပြီး စစ်ရေးနည်းလမ်းမှအပ နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့(၃)ဖွဲ့က အဆိုပါ သဘောထားထုတ်ပြန်ပြီး ၉ရက်မြောက်နေ့၌ တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်၌ တပ်မတော်ကလည်း စစ်တိုင်းကြီးငါးခု၌ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအားလုံးကို လေးလကြာ ရပ်ဆိုင်းပေးမည်ဖော်ပြချက်သည် တိုင်းရင်းသားများနှင့် တပ်မတော်ကြား ထပ်မံပြီး ပိုမိုကောင်းမွန်သော ဆက်ဆံရေးတစ်ခု အစပျိုးလိုက်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးကို လေ့လာ သုံးသပ်သူများကဆိုသည်။သို့ရာတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ တပ်မတော်အား စစ်တိုင်းဒေသကြီးအားလုံး၌ စစ်ရေးအရ လှုပ်ရှားမှုများရပ်တန့်ပေးရန် တောင်းဆိုမှုသည် နှစ်ဘက်ညှိုနှိုင်းဆွေးနွေါ်မှုအတွက် အခက်အခဲတစ်ခုဖြစ်စေနိုင်ကြောင်းလည်း သုံးသပ်သည်။

ရခိုင်အရေး

နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်နေရသော အစိုးရအတွက် စိန်ခေါ်မှုများစွာရှိသည့်အထဲ ရခိုင်ပြည်နယ်အရေးသည် ခက်ခဲဆုံးနှင့် ထိလွယ်ရှလွယ်သော အရေးဖြစ်ခဲ့သည်။ ရခိုင်ပြည်နယ်မှ ဘင်္ဂါလီအရေးကြောင့် နိုင်ငံတကာ ဖိအားပေးခြင်းကိုခံရပြီး အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှု လျော့နည်းလာခြင်း စသည့် သက်ရောက်မှုကို ကြုံခဲ့သည့် နှစ်ဖြစ်သည်။ အစိုးရသည် ပြည်တွင်းပြည်ပက ဖိအားများသော ရခိုင်ပြည်နယ်အရေးကို သတိကြီးစွာ ကိုင်တွယ်ဖြေရှင်းနေရသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘောတူညီချက်အရ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အဖြစ် ဇန်နဝါရီ ၂၃ ရက်မှစတင်ပြီး ကုန်းလမ်းမှ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် တောင်ပြိုလက်ဝဲ ယာယီလက်ခံရေးစခန်းကိုလည်းကောင်း၊ ရေလမ်းမှပြန်လည်ဝင်ရောက်လာမည့်သူများအတွက် ငါးခူရ ယာယီလက်ခံရေးစခန်းကိုလည်းကောင်း၊ ကြားစခန်းအဖြစ် လှဖိုးခေါင်စခန်းတို့ကို အသုံးပြု၍ စနစ်တကျ လက်ခံဆောင်ရွက်သွားသော်လည်း

မောင်တောဒေသအကြမ်းဖက်ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာ သွားခဲ့ကြသည့် မိသားစုဝင်များအနက် အစ္စလာမ်ဘာသာဝင် မိသားစုဝင် ငါးဦးသာ ရခိုင်ပြည်နယ် မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့ ပြန်လည် လက်ခံရေးစခန်းသို့ ဧပြီလ ၁၅ ရက်တွင် ပြန်လည်ဝင်ရောက်လာခဲ့သည်။

အစိုးရသည် နိုင်ငံသားဖြစ်ခွင့်နှင့် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်တို့ကို နိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့်အညီ ခွဲခြားဆက်ဆံမှုမရှိဘဲ ဆောင်ရွက်လျက်ရှိပြီး အချုပ်အခြာ နိုင်ငံတိုင်းတွင် ထုတ်ပြန် ထားသောဥပဒေများ၊ နည်းဥပဒေများကို လေးစားလိုက်နာ ကျင့်သုံးရန်လိုအပ်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ယခုနှစ်အတွင်း မရှိသလောက်လျော့နည်းသွားသော်လည်း နှစ်နိုင်ငံ နယ်စပ် လုံခြုံရေးယူသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းပစ်ခတ်မှုများရှိခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲ

လစ်လပ် မဲဆန္ဒနယ် ၁၃နေရာအတွက် ၂၀၁၈ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ရက်တွင် ကျင်းပခဲ့သည်။ကြားဖြတ်ရွေးကောက်ပွဲကို လက်ရှိ အစိုးရပါတီ ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)နှင့် အဓိက အတိုက်ခံပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)တို့က နေရာအပြည့်ဝင်ရောက်ယှဉ်ပြိုင်ပြီး အခြားနိုင်ငံရေးပါတီ ၂၄ပါတီနှင့် တစ်သီး ပုဂ္ဂလ ၇ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၆၉ ဦး ယှဉ်ပြိုင်ခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် NLDပါတီမှ ၇နေရာ၊ USDP မှ ၃နေရာ၊ တိုင်းရင်းသားပါတီမှ ၂နေရာနှင့် တစ်သီးပုဂ္ဂလမှ ၁နေရာ အနိုင်ရခဲ့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး အစိုးရဖွဲ့နိုင်သော NLDပါတီသည် ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာပြည့်အနိုင်မရရှိမှုအပေါ် ပြည်သူထောက်ခံမှု လျော့ကျသွားကြောင်း ဝေဖန်သံများ ထွက်ပေါ်ခဲ့သည်။

သမ္မတ ဦးထင်ကျော်မှ သမ္မတ ဦးဝင်းမြင့် အပြောင်းအလဲ

၂၀၁၈ ခုနှစ်အတွင်း နိုင်ငံတော်သမ္မတ အပြောင်းအလဲသည် ပြည်တွင်း၊ပြည်ပမှ စိတ်ဝင်စားမှု အမြင့်ဆုံးရှိခဲ့သည့် အကြောင်းအရာတစ်ခုပင်ဖြစ်သည်။ လက်ရှိအစိုးရသက်တမ်း နှစ်နှစ်မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတဦးထင်ကျော်သည် မတ် ၂၁ ရက်နေ့မှစ၍ သမ္မတရာထူးမှ နုတ်ထွက်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၇၃) ၊ ပုဒ်ခွဲ(ခ)နှင့် အညီ လစ်လပ်သွားသည့် နိုင်ငံတော် သမ္မတရာထူးကို အလုပ်လုပ်ရက် (၇)ရက်အတွင်း ဖြည့်စွက်ဆောင်ရွက်ခဲ့သည်။ ယခင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သော ဦးဝင်းမြင့်အား မတ်လ ၃၀ရက်၌ နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်ခန့်အပ်ခဲ့သည်။ သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုလွှတ်တော်၌့ နိုင်ငံတော် သမ္မတအဖြစ် ကတိသစ္စာပြုခဲ့ပြီး ပထမဆုံး မိန့်ခွန်း၌ ပြည်သူများနှင့် အတူ အပြောင်းအလဲကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။ သမ္မတ ဦးဝင်းမြင့် လက်ထက်တွင် အဂတိတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတို့တွင် သိသာစွာ တိုးချဲ့လုပ်ကိုင်နိုင်သည်ကို တွေ့ ရသည်။

၂၀၁၈ ခုနှစ် ဝန်ကြီးဌာနအပြောင်းအလဲ

၂၀၁၈ အတွင်း အစိုးရသည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန တစ်ခုကို တိုးချဲ့ဖွဲ့ စည်းခဲ့ပြီး အမျိုး သားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်နှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကို တိုးချဲ့ဖွဲ့စည်းသည့် ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန် ပေးအပ်ခဲ့သည်။ လစ်လပ်သွား သည့် ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးနေရာကို သမ္မတရုံး ဒုဝန်ကြီး ဦးမင်းသူအား ပြောင်းလဲခန့် အပ်ခဲ့သည်။ ယခုနှစ်အတွင်း ဝန်ကြီးအပြောင်းအလဲ ဒုဝန်ကြီး ထပ်မံခန့်အပ်မှုများစွာ လုပ်ဆောင်ခဲ့သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များဖြစ်သည့် ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီး၊ မကွေးတိုင်းဒေသကြီး အလုပ်သမားဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် စသည့် နေရာများတွင်လည်း အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။

တစ်နှစ်တာအတွင်း လွှတ်တော်အခန်းကဏ္ဍ

၂၀၁၈ တစ်နှစ်တာအတွင်း လွှတ်တော်၏ ဥပဒေပြု လုပ်ငန်းများတွင် အသစ်ရေးဆွဲသည့် ဥပဒေ ၁၇ ခု၊ ပြင်ဆင်သည့် ဥပဒေ ၁၃ ခုနှင့် ရုပ်သိမ်းသည့် ဥပဒေ နှစ်ခု စုစုပေါင်း ဥပဒေ ၃၂ ခုတို့ကို အတည် ပြုနိုင်ခဲ့သည်။ အသစ်ရေးဆွဲထားသည့် ဥပဒေများထဲ၌ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော စက်မှုဒီဇိုင်းမူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်မူပိူင်ခွင့်၊ တီထွင်မှု မူပိုင်ခွင့်နှင့် စာပေနှင့် အနုပညာဥပဒေ လေးမျိုးကို ရေးဆွဲနိုင်ခဲ့သည်။

လွှတ်တော် လုပ်ငန်းများအနက် ၂၀၁၈ ခုနှစ်အတွင်း အဓိက အရေးပါသော လုပ်ငန်းအချို့တွင် လယ်ယာမြေ ဥပဒေနှင့် မြေသိမ်း ဥပဒေများအား ပြန်လည် ပြင်ဆင်ခြင်း၊ အခွန်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကို ပြည်သူ့ အကျိုးစီးပွားနှင့် ကိုက်ညီအောင်၊ ရေးထုံးများနှင့် ကိုက်ညီအောင် ပြင်ဆင်ခြင်း၊ တောင်သူ လယ်သမား အခွင့်အရေးနှင့် အကျိုးစီးပွား ကာကွယ်ရေး ဥပဒေကို လက်ရှိ အခြေအနေ များနှင့် လိုက်လျော ညီထွေမှု ရှိစေရန် ဒုတိယ အကြိမ် ပြင်ဆင်ခြင်း၊ မြန်မာ့ သတ္တုတွင်း နည်းဥပဒေ၊ အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေတို့ကို အတည်ပြုပေးခြင်း၊ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေ၊ အခြေခံ ပညာရေး ဥပဒေ၊ လောင်းကစား ဥပဒေ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရေးနှင့် ကျန်းမာရေး ဥပဒေ၊ စားသုံးသူ ကာကွယ်ရေး ဥပဒေများအား အသစ်ရေးဆွဲခြင်းများ ဆောင်ရွက် နိုင်ခဲ့သည်။

တရုတ်-မြန်မာ ဆက်ဆံရေးအလားအလာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မြန်မာနိုင်ငံသို့ ငြိမ်းချမ်းရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး အန္တရာယ်စသည့် ကဏ္ဍအသီးသီးနေရာအသီးသီးတွက် ကူညီထောက်ပံ့မှုများသည် တစ်နှစ်ထက်တစ်နှစ် ပိုပိုကူညီသည့်အပြင် စီးပွားရေးအရလည်းပူးပေါင်းမှုများလည်း အများအပြားတွေ့ရသည့်နှစ်ဖြစ်သည်။ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးသည် ရှေးယခင်ထဲကကောင်းခဲ့ပြီး လက်ရှိအစိုးရ လက်ထပ်တွင်လည်း ပိုမိုကောင်းမွန်လာပြီး စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများစွာလည်း ရှိလာကြောင်း တရုတ်-မြန်မာဆက်ဆံရေး လေ့လာသုံးသပ်သူအချို့က ဆိုသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်များ အားလုံး ပါဝင်လာနိုင်ရန်အတွက် တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းစီစဉ်ပေးမှုများအရ မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် အစိုးရကြား တွေ့ဆုံညှိုနှိုင်းမှုများ ဖြစ်ပေါ်လာသည်။

သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့သည့် နေရာ၊ စစ်ဘေးရှောင်တိုင်းရင်းသားများဒေသစသည့် နေရာများကိုလည်း တရုတ်နိုင်ငံက သွားရောက်အကူအညီများစွာ ပေးခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံအား စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ယခုနှစ်အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအတွက် စီးပွားရေးရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု One Belt One Road(OBOR)နှင့် စပ်လျဉ်းသည့် အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ၌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် နိုင်ငံတော် ဒုတိယ သမ္မတ ဦးမြင့်ဆွေတို့ ဦးဆောင်ပြီး အဖွဲ့ဝင် ၂၇ဦးဖြင့် ဖွဲ့စည်းခဲ့မှုသည် နှစ်နိုင်ငံအတွက် အလားအလာကောင်းတစ်ခု ထပ်မံ တိုးလာသည်ဟု ဆိုရမည်။

သဘာဝဘေးအန္တရာယ်

၂၀၁၈ခုနှစ် ဇူလိုင်နှင့် သြဂုတ်လအတွင်း မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီး ရေလျှံမှုကြောင့် သေဆုံးသူ ၃၄ဦးရှိခဲ့ပြီး ရေဘေးသင့်ပြည်သူ နှစ်သိန်းကျော်ရှိခဲ့သည်။ ရေဘေးဒုက္ခသည်များ အတွက် ရေဘေးသင့် စခန်းပေါင်း ၄၀၀နီးပါး ဖွင့်လှစ်ပေးခဲ့ပြီး အစိုးရနှင့် ပြည်တွင်းပြည်ပ အလှူရှင်များက ကူညီထောက်ပံ့ပေးခဲ့သည်။

ယခုနှစ် ရေကြီးရေလျှံမှုများဖြစ်ပြီး ဆွာမြို့ရှိ ဆွာရေကာတာရေပိုလွှဲ မြေသားတမံကျိုးကျမှုကြောင့် အနီးပတ်ဝန်းကျင် ရွာ ၈၅ရွာမှာ လူပေါင်း ခြောက်သောင်းကျော် ရေဘေးသင့်ခဲ့ရကာ လူ၉ဦးသေဆုံးခဲ့ရသည်။ ယင်း ဆွာရေကာတာရေပိုလွှဲ မြေသားတမံ ကျိုးကျမှုကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးရှိ ဆွာချောင်းတံတားပါ ကျိုးကျပြီး အမြန်လမ်းမကြီးကို တစ်ရက်တာ ပိတ်ခဲ့ရသည်။အမြန်လမ်းမကြီး ပိတ်မှုကြောင့် ခရီးသွားများ လမ်းတွင် တစ်ရက်ပိတ်မိနေခဲ့ရသည်။

တစ်နှစ်ထက် တစ်နှစ် သဘာဝဘေးအန္တရာယ်ကို ပြည်သူများပိုများ ခံစားရမှုကြောင့် အစိုးရအနေဖြင့် သဘာဝဘေးအန္တရာယ်အတွက် ကာကွယ်ရေးများ၊ ပြန်လည်ထူထောင်ရေးများကို ပိုမိုအလေးထား ဆောင်ရွက်ပေးခဲ့သည်။မြန်မာနိုင်ငံတွင်၂ဝ၁၇-၂ဝ၁၈ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုပေါင်း ၂၅ဝဝကျော်ရှိခဲ့ပြီး လူဦးရေ ၅သိန်းကျော် ဘေး ဒုက္ခခံစားခဲ့ကြောင်း ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

အဂတိတိုက်ဖျက်ရေးကော်မတီဖွဲ့စည်း

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရန် နိုင်ငံရေးဆန္ဒ (Political Will) ပြင်းပြစွာရှိပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အား ဖွဲ့စည်းခဲ့သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ဦးဆောင်ပြီး အဖွဲ့ဝင် ၁၂ ဦးပါဝင်သော အဂတိတိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် စတင်ဖွဲ့စည်းပြီး များမကြာမီကာလ၌ အကောက်ခွန်ဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနစသည့်တို့မှ အဂတိလိုက်စားသူများကို စစ်ဆေးအရေး ယူမှုသည် လက်ရှိအစိုးရအတွက် ပြည်သူများ ထောက်ခံမှုရရှိစေသည့် ပြုပြင်ပြောင်းလဲမှု တစ်ခုဖြစ်ခဲ့သည်။ နိုင်ငံတော် အစိုးရအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန် ၊ သန့်ရှင်းသောအစိုးရ နှင့် ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ထွန်းပေါ်ပေါက်စေရန် ၊ တာဝန်ယူမှု၊တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု ပိုမိုရှိစေရန်၊ နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့် ဆုံးရှုံးမှု မရှိစေရန်၊ ပြည်သူ လူထု ၏ အကျိုးစီးပွားများ ဆုံးရှုံးနစ်နာမှုမရှိစေရန်၊ အသိပညာနှင့် ကိုယ်ကျင့်သိက္ခာမြှင့်တင်စေရန်၊ အဂတိလိုက်စားမှု ကို ထိရောက်စွာအရေးယူရန်၊ အဂတိကင်းစင်သော လူ့အဖွဲ့အစည်းဖြစ်စေရန်တို့ကို အဓိကထားပြီး ဆောင်ရွက်နေသည်။

နိုင်ငံဝန်ထမ်းနှင့် အငြိမ်းစားဝန်ထမ်းများ လစာတိုးမှု

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ နှစ်သစ်ကူးမိန့်ခွန်းတွင် နိုင်ငံဝန်ထမ်းများအား လစာတိုးမြှင့်ပေးမည်ဖြစ်ပြီး နိုင်ငံဝန်ထမ်းများကို ယခုနှစ် ဧပြီလကုန်မှ စ၍ အလုပ်သမားတစ်ဦး၏ တစ်နေ့အတွက် အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ်နှုန်းဖြင့် လိုက်လျောညီထွေဖြစ်စေရန် အမှုထမ်းလစာများအားလုံးကို (၂၀) ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး အရာထမ်း လစာများကို (၁၀) ရာခိုင်နှုန်း တိုးမြှင့်ခံစားခွင့်ပေးခဲ့သည်။ မြန်မာနိုင်ငံတွင် လက်ရှိ အစိုးရဝန်ထမ်း ၂သန်းခန့် ရှိသည်။

အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကိုလည်း ယခုနှစ် ဒီဇင်ဘာလမှာပင် တိုးမြှင့်ပေးခဲ့ပြီး အဆိုပါ တိုးမြှင့်လစာကို၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး ခံစားနိုင်မည်ဖြစ်သည်။

အငြိမ်းစား ဝန်ထမ်းဦးရေ သည် နှစ်စဉ် ပျမ်းမျှလေးသောင်း ကျော်ခန့် တိုးတက်နေပြီး ၅,၀၀၀ ခန့်သာ ပြန်လည်လျော့နည်းလေ့ ရှိရာ နှစ်စဉ် ပင်စင်စား ဦးရေ ၃၅,၀၀၀ ခန့် တိုးလျက်ရှိသည်။

အစိုးရဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား ယခုနှစ်အတွင်း လစာတိုးမြှင့်မှုသည် နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများထဲမှ တစ်ခုပင်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.