Connect with us

Economy

တရုတ်-အာဆီယံကုန်စည်ပြပွဲက တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့်တိုးတက်ရန် တွန်းအားပေးမည်ဖြစ်

ရန်ကုန် ၊ ဩဂုတ် ၂၅ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်လျက်ရှိပြီး ယဉ်ကျေးမှုချင်း တူညီကာ ပြည်သူများစိတ်နှလုံးချင်းဆက်နွယ်ကြရာ တရုတ်-အာဆီယံကုန်စည်ပြပွဲသည် တရုတ်-မြန်မာနှစ်နိုင်ငံ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးအတွက် အရေးပါသော ပလက်ဖောင်း တစ်ခုတည်ဆောက်ပေးခြင်းဖြစ်ကြောင်း နှင့် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့်တိုးတက်ရန် တွန်းအားပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။အဆိုပါ တရုတ်-အာဆီယံကုန်စည်ပြပွဲ၏ တွန်းအားပေးမှု အောက်တွင် နှစ်ဦးနှစ်ဖက်သည် နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု၊ စီးပွားကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု၊ လူမှုရေးကူးလူးဖလှယ်မှုစသည့် နယ်ပယ်များတွင် ရလဒ်သစ်များ အဆက်မပြတ် ဆွတ်ခူးရရှိခဲ့သလို ယခုနှစ် စက်တင်ဘာလ၌ ကျင်းပမည့် (၁၈) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲသည်လည်း တရုတ်-မြန်မာနှစ်နိုင်ငံအကြား အခွင့်အလမ်းအသစ်များ အတူတကွ မျှဝေရေးအတွက် ပေါင်းကူးတံတားတည်ဆောက်ပေးနိုင်မည်ဖြစ်သည်။

တရုတ်-အာဆီယံကုန်စည်ပြပွဲသည် တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသော ပလက်ဖောင်းဖြစ်ပြီး ယခင်ကျင်းပခဲ့ပြီးသော တရုတ်-အာဆီယံကုန်စည်ပြပွဲ ၁၇ ကြိမ်အတွင်း မြန်မာနိုင်ငံက နှစ်စဉ်ပြခန်းများ ငှားရမ်း၍ ပါဝင်ပြသခဲ့ကြောင်း ၊ ကုန်ပစ္စည်းပြသရန်ပြခန်းပေါင်း ၁,၈၇၃ ခန်း အသုံးပြုခဲ့ကြောင်း ၊ အဓိကအားဖြင့် မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာ၊ ကျောက်စိမ်း၊ လက်မှုပစ္စည်း၊ ထူးခြားသည့် စိုက်ပျိုးရေး ထုတ်ကုန်၊ စားသောက်ကုန်အဖျော်ယမကာ၊ သစ်သားအိမ်ထောင်ပရိဘောဂများ နှင့် စီးပွားရေးအသင်း အဖွဲ့ပုံရိပ်များ စသည်တို့ကို ပါဝင် ပြသခဲ့ကြောင်း သိရသည်။

ယင်းကုန်စည်များအနက် မြန်မာ့ဆန်ကွဲဖြင့် ပြုလုပ်ထားသော မုန့်ပဲသွားရည်စာများသည် အရသာကောင်းမွန်ခြင်း ၊ အရက်ချက်လုပ်ရာတွင်လည်း ရနံ့သင်းမွှေးကြိုင်ခြင်း စသည့်အားသာချက်များကြောင့် ပြပွဲတွင် အထူး ချီးကျူးခံခဲ့ရပြီး (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည် လက်တွေ့ပြပွဲတွင် ဝင်ရောက်ပြသသော မြန်မာ့လက်ဖက်ထုတ်ကုန်မှာလည်း လူအများ၏ အာရုံစိုက်ခြင်း အထူးခံခဲ့ရသည်။

တစ်ချိန်တည်းမှာပင် (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို “အွန်လိုင်းလက်တွေ့” အပြန်အလှန် ပေါင်းစပ်သည့် ပုံစံဖြင့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် (၇၀) ပြည့် အထိမ်း အမှတ်နှင့် ၂၀၂၀ ပြည့်နှစ် တရုတ်-မြန်မာ စီးပွားကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်မှု ဖိုရမ်အား အတူတကွကျင်းပခဲ့ကြောင်း ၊ မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ဆောင်ရန် ပတ်ဝန်းကျင်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများကို အင်တိုက်အားတိုက် ကြေညာပေးခဲ့သည့်အပြင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အတွေ့အကြုံ အပြည့်အဝရှိခဲ့ပြီးသော တရုတ်လုပ်ငန်းရှင်များကလည်း အောင်မြင်မှုရရှိခဲ့သည့် ၎င်းတို့အတွေ့အကြုံများကိုဝေမျှပေးခဲ့ရာ ပွဲတက်လုပ်ငန်းကုမ္ပဏီများအားလုံး၏ ချီးကျူးခြင်းခံခဲ့ရကြောင်း သိရသည်။

တရုတ်-အာဆီယံကုန်စည်ပြပွဲ၏ အားကောင်းသော တွန်းအားပေးမှု အကျိုးကျေးဇူးကြောင့် လတ်တလောနှစ်ပိုင်းတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာခဲ့သည်။ မြန်မာနိုင်ငံရှိ ရန်ကုန်ဆိပ်ကမ်းနှင့် တရုတ်နိုင်ငံရှိ ကွမ်ရှီးချင်းကျိုးဆိပ်ကမ်းတို့သည် ညီအစ်မဆိပ်ကမ်း ဆက်ဆံရေးထူထောင်ခဲ့ပြီး Pan-Beibu Gulf ဒေသဆိပ်ကမ်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခဲ့ရာ အပြည်ပြည်ဆိုင်ရာ ကုန်း-ရေနှစ်သွယ် ကုန်သွယ်ရေး စင်္ကြံသစ် (New International Land-sea Trade Corridor) တည်ဆောက်မှုတွင် အတူတကွပါဝင်ခဲ့ကြသည်။

တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ပေါင်းကူးတံတားကို အားပြု၍ မြန်မာနိုင်ငံမှတင်ပို့သော “စိန်တစ်လုံး” သရက်သီး အပါအဝင် ထူးခြားသည့် အပူပိုင်းသစ်သီးများ၊ ကော်ဖီလက်ဖက်ရည်၊ ကျောက်မျက်ရတနာ ကျောက်စိမ်း စသည့် ကုန်ပစ္စည်းများသည် တရုတ်နိုင်ငံ၌ အလွန် လူကြိုက်များခဲ့ကြောင်းနှင့် ၎င်းတို့ အနက် (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲလက်တွေ့ပြပွဲတွင် မြန်မာနိုင်ငံမှ ပါဝင်ပြသည့် ဆန်ကွဲဖြင့် ပြုလုပ် ထားသော ကွမ်ရှီးလျှိုကျိုး လော်စီးဆန်ခေါက်ဆွဲမှာလည်း အလွန်လူကြိုက်များခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်တွင် တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်ကုန်သွယ်ရေးပမာဏသည် အမေရိကန် ဒေါ်လာ ၁၈ ဒသမ ၈၉ ဘီလီယံရှိပြီး ၎င်းတို့အနက် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ပို့ကုန်ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၅၅ ဘီလီယံ နှင့် မြန်မာနိုင်ငံမှသွင်းကုန်ပမာဏမှာ ၆ ဒသမ ၃၄ ဘီလီယံ အသီးသီး ရှိခဲ့သည်။ တရုတ်ကုမ္ပဏီများ က မြန်မာနိုင်ငံလုပ်ငန်းစုံတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန် ဒေါ်လာ သိန်းပေါင်း ၂,၆၀၀ ရှိပြီး ယမန်နှစ်ကာလတူထက် ၇ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း နှင့် တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံ၌ အသစ် တိုးလက်မှတ်ရေးထိုးသည့် စီမံကိန်းကန်ထရိုက်ယူမှု စာချုပ်ပမာဏမှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၄၁ ဘီလီယံဖြစ်ကာ လုပ်ငန်းလုပ်ဆောင်မှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၆ ဘီလီယံအထိ ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

လာမည့် (၁၈) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို စက်တင်ဘာလ ၁၀ ရက် မှ ၁၃ ရက် အထိ တရုတ်နိုင်ငံနန်နင်းမြို့၌ ကျင်းပသွားမည်ဖြစ်သည်။ ယခုအကြိမ် ကုန်စည်ပြပွဲတွင် “ကုန်း-ရေနှစ်သွယ် ကုန်သွယ်ရေးစင်္ကြံသစ် အခွင့်အလမ်းအသစ်များအတူမျှဝေ၍ တရုတ်-အာဆီယံ ကံကြမ္မာတူအသိုက်အဝန်း အတူတကွတည်ဆောက်မှု” ခေါင်းစဉ်ဖြင့် “လက်တွေ့ပြပွဲ+အွန်လိုင်း တရုတ်-အာဆီယံကုန်စည်ပြပွဲ” အသုံးပြုသွားမည်ဖြစ်ကြောင်း ၊ တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေးထူထောင်မှု နှစ် (၃၀) ပြည့်ကို ဂုဏ်ပြုရင်း တရုတ်-အာဆီယံ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးနှစ်၏ အခွင့်အလမ်းကို အပြည့်အဝ အသုံးချကာ ယင်း ပလက်ဖောင်း ၏အရေးပါမှုကို တစ်ဆင့်တိုးအသုံးပြု၍ ပိုမိုရင်းနှီးသည့် တရုတ်-အာဆီယံ ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်မှုကို တွန်းအားပေးသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)