Connect with us

Asia

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် လေထုအရည်အသွေး ဆိုးရွားမှုကြောင့် စာသင်ကျောင်းများ ပိတ်ထားရ

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် စာသင်ကျောင်းများပိတ်သဖြင့် ကျောင်းသားများအား ကျောင်းမှပြန်ခေါ်လာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း လာဟိုးမြို့နှင့် ထိစပ်နေသောခရိုင်များရှိ လေထုအရည်အသွေးမှာ နိုဝင်ဘာ ၁၅ ရက်တွင် အန္တရာယ်ရှိအဆင့်သို့ ကျော်သွားခဲ့ကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကကျောင်းများကို နှစ်ရက်ပိတ်ထားရန် ဒေသခံအစိုးရက တွန်းအားပေးထားကြောင်း ပန်ဂျပ်ပြည်နယ် ကျောင်းပညာရေးဌာနမှ ထုတ်ပြန်ထားသည့် သတိပေးချက်အရ သိရသည်။

“မီးခိုးမြူများ ထူထပ်စွာကျဆင်းနေတဲ့အတွက် လာဟိုးမြို့၊ ဖိုင်ဆာလာဘတ်မြို့နှင့် ဂူရန်ဝါလာမြို့များရှိ ခရိုင်များအတွင်းဖွင့်ထားတဲ့ အစိုးရကျောင်းတွေနဲ့ ပုဂ္ဂလိကကျောင်းတွေကို နိုဝင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ ပိတ်ထားမှာဖြစ်ပါတယ်” ဟု သတိပေးချက်တွင် ဖော်ပြထားသည်။ကမာ္ဘလုံးဆိုင်ရာ လေထုအခြေအနေစောင့်ကြည့်ရေးအဖွဲ့ကြီးဖြစ်သော Air Visual မှအချက်အလက်များအရ ပန်ဂျပ်ပြည်နယ် မြို့တော် လာဟိုးရှိ လေထုအခြေအနေမှာ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ဆိုးရွားလျက်ရှိကြောင်း ဖော်ပြထားသည်။လာဟိုးမြို့တွင် နိုဝင်ဘာ ၁၄ ရက်က ကွက်ကြားမိုးရွာသွန်းပြီးနောက် မြို့အတွင်း မီးခိုးမြူများ ထူထပ်စွာ လွှမ်းခြုံခဲ့ကာ ဒေသခံများအတွက် ခရီးသွားလာခြင်းနှင့် ပြင်ပကိစ္စရပ်များ ဆောင်ရွက်ရန် အန္တရာယ်နှင့် စိန်ခေါ်မှုများ ဖြစ်နေကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် စာသင်ကျောင်းများပိတ်သဖြင့် ကျောင်းသားများအား ကျောင်းမှပြန်ခေါ်လာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

လေထုအခြေအနေဆိုးရွားနေသည့်အတွက် အာဏာပိုင်များအနေဖြင့် ယင်းအခြေအနေကို ကုစားမှုနှင့် ကာကွယ်မှုဗျူဟာတစ်ရပ်အနေဖြင့် မိုးတုရွာချခြင်းကဲ့သို့သော အရေးပေါ်ဖြေရှင်းမှုအချို့ လုပ်ဆောင်ရန် စဉ်းစားလျက်ရှိသည်ဟု ဆိုသည်။အစိုးရအနေဖြင့် မီးခိုးမြူထူထပ်မှု အခြေအနေပိုမိုမြင့်လာပါက မိုးတုရွာသွန်းမည့် အယူအဆနှင့် တိမ်ဖြစ်ပေါ်ရန် စီမံဆောင်ရွက်မှုများအား စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း လာဟိုးခရိုင်မင်းကြီး အာဆစ်ဖ် ဘီလယ် လော့ဟီ (Asif Bilal Lodhi) က ပြောခဲ့သည်။ပါကစ္စတန်နိုင်ငံရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများကလည်း နိုင်ငံအတွင်း အထူးသဖြင့် လာဟိုးမြို့၌ လေထုအရည်အသွေးနှင့် မီးခိုးမြူများ ဆိုးရွားလာခြင်း၏ အဓိကအကြောင်းများမှာ တောင်ယာ မီးရှို့ခြင်းနှင့် အမှိုက်မီးရှို့ခြင်း၊ အုတ်ဖုတ်ဖိုများနှင့် သံမဏိမီးပြင်းဖိုများမှ မီးခိုးထုတ်လွှတ်မှုများကြောင့် ဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောကြားထားကြသည်။ (Xinhua)