Connect with us

MYANMAR

နေ့စဉ် ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၀၀ မှ  ၃၀၀ ခန့်အထိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ စစ်ဆေးပေးလျှက်ရှိ

ဓာတ်ခွဲဝန်ထမ်း တစ်ဦးက ဓာတ်ခွဲနမူနာ ကိုင်ဆောင်လာသည်ကို တွေ့ရစဉ်(ဓာတ်ပုံ - Ministry of Health and Sports, Myanmar)

ရန်ကုန် ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ) 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ပေးပို့လာသော COVID 19 သံသယလူနာများ၏ ဓာတ်ခွဲနမူနာများကို လက်ရှိကမ္ဘာတစ်ဝှမ်း အသုံးပြုလျှက်ရှိသော Polymerase Chain Reaction (PCR) နည်းပညာ ဖြင့် နေ့စဉ်ပိတ်ရက်မရှိ စစ်ဆေးလျှက်ရှိရာ ယခုအခါ နေ့စဉ် ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၀၀) မှ (၃၀၀) ခန့်အထိစစ်ဆေးပေးလျှက်ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှု အရ သိရသည်။ 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနအနေဖြင့် COVID 19 သံသယလူနာများ၏ ဓာတ်ခွဲနမူနာများကို စစ်ဆေးရာတွင် COVID 19 ရောဂါပိုးရှိမရှိ PCR နည်းပညာဖြင့်စစ်ဆေးရုံသာမက အဆိုပါသံသယ လူနာ များ၏ Clinical Pathology စစ်ဆေးမှုများ ၊ ဘက်တီးရီးယားပိုးမွေးခြင်းဆိုင်ရာ လုပ်ငန်းများကိုပါ တာဝန်ယူဆောင်ရွက်ရကြောင်း သိရသည်။ 

ဓာတ်ခွဲ ဝန်ထမ်း တစ်ဦးက Mastermix preparation ပြုလုပ်နေမှုအား တွေ့ရစဉ်(ဓာတ်ပုံ – Ministry of Health and Sports, Myanmar) 

PCR နည်းပညာသည် COVID-19 ရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးရာတွင် လက်ရှိ ကမ္ဘာတစ်ဝှမ်း အသုံးပြုလျှက်ရှိသော နည်းပညာဖြစ်ကြောင်း ၊ PCR နည်းပညာဖြင့် COVID-19 ဗိုင်းရပ်စ်ရောဂါပိုးရှိ/မရှိ စမ်းသပ်စစ်ဆေးရာတွင် ဓာတ်ခွဲစစ်ဆေးမှုအဆင့်ဆင့်၏ စုစုပေါင်း ကြာမြင့်ချိန်သည် (၁၆) နာရီ မှ (၁၇) နာရီ ခန့်အထိ ဖြစ်ကြောင်း ၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု အဆင့်တိုင်းတွင် ဓာတ်ခွဲစမ်းသပ်စစ်ဆေး သော ဓာတ်ခွဲဝန်ထမ်းများအနေဖြင့် ရောဂါပိုး ကူးစက်ခံရမှု မရှိစေရန်အတွက် ကူးစက်ရောဂါ ကာကွယ်ရေးဝတ်စုံ (Personal Protective Equipment – PPE) အပြည့်အစုံကို ဝတ်ဆင်၍ ဓာတ်ခွဲခန်းလုံခြုံရေးအဆင့်အရ သတ်မှတ်ထားသော Enhanced BSL-2 Laboratory ထဲတွင် ကောင်းမွန်သော ဓာတ်ခွဲခန်းကျင့်စဉ် (Good Laboratory Practice) ဖြင့် ဆောင်ရွက်ရကြောင်း သိရသည်။ 

PCR နည်းပညာဖြင့်စစ်ဆေးရာတွင် ဓာတ်ခွဲနမူနာများရယူခြင်း ၊ ဓာတ်ခွဲနမူနာများကိုလက်ခံခြင်းနှင့် စာရင်းသွင်းခြင်း ၊ ဓာတ်ခွဲနမူနာများကို ထုတ်ယူခြင်း/ပြင်ဆင်ခြင်း ၊ ဓာတ်ခွဲနမူနာ မှ Ribonucleic Acid (RNA) ထုတ်ယူခြင်း ၊ Mastermix preparation ပြုလုပ်ခြင်း နှင့် Extracted RNA ကို Mastermix နှင့်ရောစပ်ခြင်း ၊ COVID-19 ဗိုင်းရပ်စ်ပိုးရှိ/မရှိ Polymerase Chain Reaction (PCR) နည်းပညာဖြင့်စစ်ဆေးခြင်း နှင့် ဓာတ်ခွဲအဖြေထုတ်ပေးခြင်း စသဖြင့် အဆင့်ဆင့် စမ်းသပ်စစ်ဆေးရကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ပေးပို့လာသော သံသယ COVID-19 လူနာများ၏ ဓာတ်ခွဲနမူနာများကို လက်ခံ၍ COVID-19 ဗိုင်းရပ်စ်ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းကို နေ့စဉ်နေ့တိုင်း ပိတ်ရက်မရှိ နေ့ရောညပါ တာဝန်ကျဝန်ထမ်းများမှ (၂၄/၇) တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)