Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက် နိုင်မည့်နည်းလမ်းများ ဆွေးနွေးနိုင်ခဲ့ဟုဆို

ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်မှုများနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက် နိုင်မည့်နည်းလမ်းများ ဆွေးနွေးနိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

နှစ်ရက်တာကာလအတွင်းကျင်းပပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ကဏ္ဍ (၅) ခုဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးမှုများကို အနှစ်ချုပ်ပြောရလျှင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ် အောင်မြင်မှုများ၊ရင်ဆိုင်ကျော်လွှားရမည့်စိန်ခေါ်မှုများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ခဲ့ကြကြောင်း၊အဆိုပါအလုပ်ရုံဆွေးနွေးပွဲ၏ ပြန်လည်သုံးသပ်ခြင်းအစီအစဉ်ကြောင့် လွန်ခဲ့သည့် တစ်နှစ်ခွဲ ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များကို ပြန်လည်သုံးသပ်ဆွေးနွေး နိုင်ခဲ့ကြ ကြောင်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း အချိန်ကာလအားဖြင့် နှစ်ပေါင်းများစွာ အမြစ်တွယ်နေသည့် ပြဿနာများ၊ အကျပ်အတည်းများကိုပြေလည်အောင် ဖြေရှင်းဆောင်ရွက်ရေးသည် ခက်ခဲသော်လည်း မိမိတို့၏ အဓိက ဦးစားပေးတာဝန်ယူ ဆောင်ရွက်နေသော လုပ်ငန်းဖြစ်၍ ဇွဲ၊ လုံ့လ ဝီရိယတို့ စိုက်ထုတ်လုပ်ဆောင်ပါက အောင်မြင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း IDP စခန်းများ ပိတ်သိမ်းရေးလုပ်ငန်းများကို အကြံပြုချက် မတိုင်ခင်ကတည်းက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာ တင်သွင်းပြီး ပြီးချင်းIDP စခန်း သုံး ခုကို ပိတ်သိမ်းနိုင်ခဲ့ကြောင်း၊ နောက်ထပ်တစ်ခုကို ၂၀၁၈ခုနှစ် အတွင်း ပိတ်သိမ်းနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် ပိတ်သိမ်းဆဲ စခန်းတစ်ခုကို စနစ်တကျ ပိတ်သိမ်းနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း IDP စခန်းများ ပိတ်သိမ်းရေး အမျိုးသားအဆင့်မဟာဗျူဟာ (မူကြမ်း)ကို ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင်ပညာရှင် များနှင့် ပူးပေါင်း၍ ညှိနှိုင်းရေးဆွဲခဲ့ကြောင်း သိရသည်။

“နေရပ်စွန့်ခွာများ ပြန်လည်လက်ခံရေးကို ဘင်္ဂလားဒေရှ်နဲ့ နှစ်နိုင်ငံ သေချာညှိနှိုင်းပြီး သတ်မှတ်ထားတဲ့အစီစဉ်အတိုင်း ဆောင်ရွက်နေပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ရခိုင်ပြည်နယ်အကြံပြုချက်များကို အကောင်အထည်ဖော်ရာတွင် ပြည်သူလူထုကို အကျိုးပြုစေမည့် အကြံပြုချက်များကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ကြောင်း ဝန်ကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရခိုင်ပြည်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ Park Royal Hotel ၌ ကျင်းပခဲ့သည်။

အဆိုပါ ရခိုင်ပြည်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင် အထည်ဖေါ်ဆောင်ရွက် နေမှုများနှင့် စပ်လျဉ်းပြီး ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၏ သတင်းစာရှင်းလင်း ပွဲကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးဘုတ်အဖွဲ့ဝင် Rt. Hon. Lord Darzi of Denham ( ရိုက်စ်ဟော်နာအေးဘဲလ် လော့ဒါဇီ ဒန်ဟမ်) နှင့် Emergency Response And Assessment Team (ERAT) မှ Mr. Arnel Capili တို့က ဦးဆောင်ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုများ နှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မေ ၆ ရက်နှင့် ၇ ရက်တို့တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်တွင်ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်တွင် ဆောင်ရွက်နေသော လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး၊ ရေရှည်ပဋိပက္ခကင်းဝေး ရေးဆိုင်ရာလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးခဲ့သည်။

ယင်း ဆွေးနွေးပွဲသို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦး မြင့်ထွေး၊ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်တို့အပြင် မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များ၊ ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဝင်များ၊ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏အကြံပေးအဖွဲ့ အဖွဲ့ဝင်များ၊ UEHRD ကော်မတီ အဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး အာဆီယံသဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်း စာနာကူညီမှုပေါင်းစပ်ညှိနှိုင်းရေးဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management – AHA Center) ကော်မတီဝင် နိုင်ငံခြားသားပညာရှင်များ၊ နိုင်ငံတကာသံရုံးများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)