Connect with us

Media

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၁၇ ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၁၇ ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို မဟာအံ့ထူးကံသာ ဘုရားကြီးဝန်းအတွင်း၌ နိုဝင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ပြင်ဦးလွင်မြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ နိုဝင်ဘာ ၁၆ ရက်တွင်ပြောသည်။
“ ပွဲတော်ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်ပြီး ရိုးရာဓလေ့တွေ မပျောက်ကွယ်စေရေး အစဉ်အလာမပျက်စေဖို့နဲ့ မီးပုံးပျံပြိုင်ပွဲလုပ်ခြင်းအားဖြင့် တစ်ဦးနဲ့တစ်ဦး အပေးအယူမျှတမှု၊ နားလည်မှု၊ အချိန်အဆမှန်ကန်မှု၊ အမိန့်နာခံတတ်မှု၊ စည်းကမ်းသေဝပ်မှု၊ စည်းလုံးညီညွတ်စွာနဲ့ စုပေါင်းဆောင်ရွက်တတ်စေတဲ့ အလေ့အကျင့်ကောင်းတွေ ရရှိစေဖို့၊ မြန်မာနိုင်ငံ အရပ်ရပ်မှာရှိတဲ့ ပြည်သူတွေသာမက ကမ္ဘာကပါသိရှိပြီးတော့ နိုင်ငံခြားသား ခရီးသွားတွေ စိတ်ဝင်တစား လာရောက်ကြည့်ရှုခြင်းအားဖြင့် မြန်မာ့ရိုးရာ မီးပုံးပျံပြိုင်ပွဲလို့ ဂုဏ်ယူဝင့်ကြွားနိုင်ဖို့၊ ပွဲတော်ကျင်းပတဲ့အတွက် ပြည်သူတွေအချင်းချင်း ကူးလူးသွားလာပြီးတော့ ချစ်ခင်မှု၊ ရင်းနှီးမှု၊ စည်းလုံးမှု ရရှိစေဖို့၊ ပွဲတော်ကျင်းပခြင်းအားဖြင့် ဒေသစီးပွားရေး ပိုမိုကောင်းမွန်လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာပါ” ဟု အဆိုပါတာဝန်ရှိသူကပြောသည်။

ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်တွင် ညမီးကျည် ၁၈ လုံး၊ စိန်နားပန် ၁၄ လုံးနှင့် နေ့ရုပ်အလှ ၄၅ လုံးတို့ကို လွှတ်တင်သွားမည်ဟု ၎င်း၏ ပြောကြားချက်အရ သိရသည်။

“ဒီလိုပွဲတော်တွေ ကျင်းပခြင်းအားဖြင့် မြန်မာ့ရိုးရာဓလေ့တွေ ပျောက်ကွယ်မသွားဘူးပေါ့။ ပြီးတော့ ကမ္ဘာကပါ နိုင်ငံတကာခရီးသွားဧည့်သည်တွေ လာရောက်ကြည့်ရှုရင်လည်း အကျိုးကျေးဇူး အများကြီးရမယ်။ နောက်တစ်ခုက ကိုယ့်ဒေသထွက်ကုန်တွေလည်း ရောင်းပန်းဝယ်ပန်းတွေ ကောင်းမွန်နိုင်ပါတယ်” ဟု ပွဲတော်ကျင်းပရခြင်း အကျိုးကျေးဇူးကို အဆိုပါ တာဝန်ရှိသူက ဖြည့်စွက်ပြောကြားသည်။

ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်တွင် အဆိုတော်များ၏ ဖျော်ဖြေမှုများ၊ ကလေးများအတွက် ပျော်ရွှင်ဖွယ်ရာကစားကွင်းများ၊ မျက်လှည့်ဖျော်ဖြေပွဲတို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်သို့ လာရောက်ကြမည့် ဧည့်သည်များ၏ လုံခြုံရေးအတွက် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)