Connect with us

COVID-19 UPDATES

မြန်မာနိုင်ငံ၌ COVID-19 တတိယလှိုင်းအတွင်း ပိုးတွေ့ရှိမှု ၂၂ ရာခိုင်နှုန်းခန့်နှင့် သေဆုံးမှု ၂.၁ ရာခိုင်နှုန်းကျော်ရှိကြောင်းဆို

ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးတွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးအား ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပွားနေသော COVID-19 တတိယလှိုင်းအတွင်း ပိုးတွေ့ရှိမှုနှုန်း ၂၂ ရာခိုင်နှုန်းဝန်းကျင်ရှိလာပြီဖြစ်ပြီး သေဆုံးမှုနှုန်းမှာ ၂.၁ ရာခိုင်နှုန်းကျော်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင် ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆင်ဟွာသို့ ယနေ့ ပြောကြားသည်။

“ကျွန်မတို့နိုင်ငံရဲ့ လက်ရှိသေဆုံးမှုနှုန်းက ကမ္ဘာ့သေဆုံးနှုန်းနဲ့ယှဉ်ရင် အသင့်အတင့်ထဲမှာရှိတယ်။ နည်းတဲ့ အထဲလည်းမပါသလို များတဲ့အထဲလည်း မပါဘူး။ အခုက သေဆုံးမှုတွေမှာ အသက် ၄၅နှစ် ကနေ ၆၀နှစ် ကြားမှာ သေတဲ့သူက ၂၄ ရာခိုင်နှုန်းကနေ ၃၃ ရာခိုင်နှုန်းကိုတက်လာတာတွေ့ရတယ်။ ဘာလို့ အဲဒီအရွယ်တွေ သေဆုံးမှုနှုန်း တက်လာတာလဲဆိုတော့ ဒါက ကမ္ဘာ့နိုင်ငံတွေရဲ့ တွေ့ရှိချက်အတိုင်းပဲ။ ကာကွယ်ဆေးမထိုးနိုင်သေးတာရော၊ COVID-19 ရဲ့ စည်းမျဉ်းစည်းကမ်းကို လိုက်နာမှုအားနည်းတာရောကြောင့် ဖြစ်ပါတယ်’’ ဟုဒေါက်တာခင်ခင်ကြီးက ရှင်းပြသည်။

တတိယလှိုင်းစတင်ဖြစ်ပွားသည့် မေလ ၂၇ ရက်မှစ၍ ရောဂါပိုးတွေ့ရှိမှုမှာ နေ့စဉ်မြင့်တက်လျက်ရှိပြီး သေဆုံးမှုနှုန်းလည်း လက်ရှိတွင်မြင့်တက်လာကြောင်း သိရသည်။ ရောဂါဖြစ်ပွားမှုအခြေအနေအရ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ တစ်နေရာရာ၌ အစုလိုက်အစုလိုက် ဖြစ်ပွားသည့်ပုံစံအားတွေ့ရကြောင်း ဒေါက်တာခင်ခင်ကြီးကဆိုသည်။

“နောက်တစ်ခုကတော့ အခုလက်ရှိမှာဆိုရင် ဟိုတစ်နေ့က Stay at Home နောက်ထပ် (၉) မြို့နယ်တိုးလိုက်တယ်။ Stay at Home နဂိုက (၁၁) မြို့နယ်ဆိုတော့ အခုက မြို့နယ် (၂၀) ဖြစ်သွားပါပြီ။ Stay at Home သတ်မှတ်လိုက်ပြီဆိုတာနဲ့ Stay at Home ရဲ့ စည်းကမ်းတွေအတိုင်း အတိအကျလိုက်နာ ကျင့်သုံးရမှာဖြစ်ပါတယ်။ ဒါဟာဆိုရင် ရောဂါကူးစက်မှုတွေကိုထိန်းချုပ်နိုင်ဖို့ဆောင်ရွက်တဲ့ နည်းလမ်းထဲကတစ်ခုဖြစ်ပါတယ်’’ ဟု ၎င်းကဆက်ပြောသည်။

လက်ရှိတတိယလှိုင်းတွင် COVID-19 ဖြစ်ပွားသည်ဟု သံသယရှိပါက မိမိဘာသာစစ်ဆေးခြင်း၊ နေအိမ်တွင်ဆေးကုသခြင်းမျိုးမလုပ်ဘဲ ကျန်းမာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော ဒေသန္တရဆေးပေးခန်းသို့ သွားရောက်စစ်ဆေးသင့်ကြောင်း၊ COVID-19 စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆေးရုံသွားရောက်ကုသမှုခံယူသင့်ကြောင်း ၎င်းကဆိုသည်။

“တခုခုဆိုရင် ဆေးရုံကိုပြဖို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုရင် စစ်ကိုင်းတိုင်းမှာ သေဆုံးသူတွေက နောက်ကျမှ ဆေးရုံရောက်တယ်။ တခါတလေ ဆေးရုံတောင်မရောက်ဘဲသေဆုံးတာတွေရှိတယ်။ သံသယလက္ခဏာရှိပြီး၊ နေမကောင်းဖြစ်ပြီး အောက်ဆီဂျင်ကျနေရင် ဆေးရုံကို အမြန်သွားပြသင့်ပါတယ်’’ ဟု ၎င်းကဆက်ပြောသည်။

လက်ရှိ တတိယလှိုင်းတွင် မိမိဘာသာ COVID-19 ရှိမရှိ စစ်ဆေးခြင်းရှိနေကြကြောင်း ၎င်းကဆိုသည်။
“တစ်ချိုကျတော့ အခုဘာဖြစ်နေလဲဆိုတော့ ကိုဗစ်ကို မိမိသဘောနဲ့မိမိ စစ်တာတွေရှိတယ်၊ အဓိကတော့ကိုယ့်မှာ ကိုဗစ်လက္ခဏာရှိမရှိကို သူ့ရဲ့နည်းလမ်းအတိုင်းသွားရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ်က ကျမတို့ Biosafety Level အလိုက် စစ်ဆေးရပြီး စွန့်ပစ်ပစ္စည်းတွေကိုလည်း ရောဂါပိုးကူးစက်မှုမရှိအောင် Biosafety Measure Level အတိုင်း ပိုးသတ်ပြီးမှ စွန့်ပစ်ရမှာ ဖြစ်ပါတယ်။ ပေါ့ပေါ့လျော့လျော့နဲ့ အခွင့်မရှိမစစ်ရပါဘူး။ စစ်ရင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူခံရနိုင်ပါတယ်။ နောက်ပြီး COVID-19 သည် တိုင်ကြားရမယ့် ကူးစက်ရောဂါဖြစ်လို့ မိမိသဘောနဲ့ မိမိစစ်ရင် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ အရေးယူခံရနိုင်ပါတယ်။ ကိုယ့်မှာ သံသယရှိရင် နီးစပ်ရာ ဒေသန္တရ ကျန်းမာရေးဌာနကို သွားပါ။ အဲ့လိုသွားလို့ စစ်လိုက်လို့ Positive ဖြစ်ရင် ကျွန်မတို့ Contact Tracing ကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ Contact တွေကို အမြန်ဆုံးလိုက်ပြီး ရောဂါဖြစ်ပွားမှုကို ဖြတ်တောက်နိုင်ဖို့က အရမ်းအရေးကြီးပါတယ်’’ ဟု ဒေါက်တာခင်ခင်ကြီးက ဆက်ပြောသည်။

တတိယလှိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် Quarantine စင်တာများတိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆိုသည်။
“ကိုဗစ်စင်တာမှာ ပိုးတွေလို့ positive ဖြစ်ရင် ကုသမှုအတွက် ကုသရေးစင်တာကိုပြောင်းပါမယ်။ ဒီနေရာမှာ ပိုးတွေ့တယ်ရောဂါလက္ခဏာမရှိတဲ့သူ၊ အသင့်အတင့်ရှိတဲ့သူတွေကျတော့ ကိုဗစ်ကုသရေးစင်တာတွေကို ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ရောဂါလက္ခဏာဆိုးရွားပြင်းထန်တဲ့သူတွေကြတော့ ကုသရေးဆေးရုံကြီးတွေမှာကုသမှုပေးမှာဖြစ်ပါတယ်’’ ဟု ၎င်းက ကုသရေးနှင့် ပတ်သက်၍ ရှင်းပြသည်။

လက်ရှိတွင် COVID-19 တတိယလှိုင်းသည် အရှိန်အဟုန်ကောင်းသည့် အဆင့်တွင် ရှိသောကြောင့် COVID-19 စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ပိုးကူးစက်မခံရစေရန် ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၎င်းကဆိုသည်။ (Xinhua)