Connect with us

Environment, Disasters & Accidents

၂၀၂၀ပြည့်နှစ် နွေကာလတွင် ၂၀၁၉ ခုနှစ်ထက်  မြစ်ရေ ပိုမိုလျော့နည်းခဲ့

ညနေဆည်းဆာအချိန်တွင် ဧရာဝတီမြစ်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) 

၂၀၂၀ပြည့်နှစ် နွေကာလတွင် ၂၀၁၉ ခုနှစ်ထက်  မြစ်ရေ ပိုမိုလျော့နည်းခဲ့ပြီး  မြစ်ရေနည်းမှု နှင့် ပတ်သက်သည့် ရေနည်းသတိပေးချက်များအား ၂၀၂၀ ပြည့်နှစ် တွင် မြစ်ရေတိုင်းတာစခန်း ၇ ခုရှိသည့် အနက် စခန်း၄ ခု တွင်  ထုတ်ပြန်ခဲ့ရကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးထွန်းဦး က ဧပြီ ၂၅ ရက်တွင် ဆင်ဟွာကိုပြောသည်။ 

ဦးမျိုးထွန်းဦးက “အရင်နှစ်တွေထက် ဒီနှစ်က မြစ်ရေ တိုင်းတာချက် အရ ပိုနည်းသွားတယ်။ အရင်က ရေနည်း အမှတ် သိပ်မရောက်တဲ့ မကွေးတိုင်းဒေသကြီး မင်းဘူးဘက်မှာ ဆိုရင် ရေနည်းသတိပေးအမှတ် ကိုရောက်သွားတယ်။စစ်ကိုင်းတိုင်းဒေသကြီး၊  မုံရွာမြို့မှာ ဆိုရင်လည်း အဲ့လို ပဲ ရေနည်းသတိပေးမှတ် အောက်မရောက်တာ တော်တော်ကြာပြီ။ အခုက ၁ ပေ ကျော်ကျော်လောက် အထိ ရေနည်းအမှတ်အောက် ရောက်သွားတာ တွေ့ရတယ်။ရေကတော့ တစ်နှစ်ထက် တစ်နှစ် ပိုပို နည်းသွားတာ တွေ့ရတယ်။’’ ဟုပြောသည်။

ထိုသို့ မြစ်ရေနည်းရခြင်းသည် မိုးရွာသွန်းချိန် တိုသွားခြင်းကြောင့် ဖြစ်ကြောင်း၊ မိုးက အချိန်တိုနှင့် မိုးရေချိန် များများ ရွာသည့် အခါ မိုးရေများသည် မြစ်ထဲ တိုက်ရိုက်ရောက်သွားကြောင်း၊ ပြီးလျှင် စီးဆင်းသွားကြောင်း၊ မြေအောက် သို့ စိမ့်ဝင်နိုင်သည့် မိုးရွာသွန်းချိန် မရှိသည့် အတွက်   ရေ ကိုထိန်းထားနိုင်စွမ်း နည်းသွားခြင်း ဖြစ်ကြောင်း သိရသည်။ 

ဦးမျိုးထွန်းဦးက “ဥပမာ-အရင်က  မိုးရွာရင် ၁ ရက် ကို ၁၀ မီလီမီတာ  ရွာတယ် အဲ့ဒီမိုးရေချိန်က ၇ နာရီ အတွင်း သို့မဟုတ် ၁၀ နာရီအတွင်းရွာတာမျိုးပါ။ အခု က အဲ့လို မဟုတ်တော့ဘူး။ ဥပမာ နာရီပိုင်း အတွင်းမှာ  ရွာသွန်းချိန် တိုပြီး ရွာသွန်းချိန်ခဏနဲ့ မိုးရေက များများရတယ်။ များများရပြီး မြန်မြန်ဆင်းသွားတယ်ပေါ့။တကယ်က ကျွန်တော်တို့ ကနွေရာသီကာလ မှာ မြစ်ရေမနည်းဖို့ ဆိုရင် မြေအောက်ရေ ရဖို့ က အရေးကြီးတယ်။ အခု က ဝုန်းဒိုင်း ရွာတော့ မြေအောက်ရေ နည်းသွားတယ်။ မြေအောက်ရေ နည်းသွားတော့ ထိန်းထားတဲ့ ရေ က သိပ်မရှိဘူးပေါ့။ အဲ့ဒါကြောင့် ရေ ပိုနည်းတာ လို့ ပြောလို့ရတယ်။’’ ဟုပြောသည်။ 

 နွေရာသီတွင် တစ်နှစ်ထက်တစ်နှစ် မြစ်ရေ ပိုနည်းလာရခြင်း မှာ  မိုးရွာသွန်းမှုပုံစံ ပြောင်းလဲခြင်း နှင့်  မြစ်ကြောင်း ပြောင်းလဲ မှုတွေ ကြောင့် ရေထိန်းသိမ်းနိုင်မှုလျော့ကျသွားခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အလယ် ပိုင်းဒေသများတွင် မြစ်ရေတင်စီမံကိန်းများရှိကြောင်း၊ မန္တလေးမြို့၊ ချောက်မြို့ မင်းဘူးမြို့၊ စစ်ကိုင်းမြို့၊  မကွေးမြို့ နှင့် မုံရွာမြို့တို့ တွင်  မြစ်ရေတင်စီမံကိန်းများရှိကြောင်း သိရသည်။

ထို့ပြင်ရေနည်းသည့် အချိန် တွင်ရေကြောင်း သွားလာရေးများ လည်း ဂရုပြုသင့်ကြောင်းသိရသည်။

ချင်းတွင်းမြစ်ရေသည် ဧပြီ ၂၅ ရက် နေ့လည် (၁၂:၃၀)နာရီ တိုင်းထွာချက်အရ မုံရွာမြို့ တွင် (၇၀) စင်တီမီတာသို့ ရောက်ရှိနေကြောင်း၊  အဆိုပါမြစ်ရေသည် နောက် (၅)ရက်အတွင်း လက်ရှိ ရေမှတ်အထက် ပေဝက်ခန့် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၁၀၀) စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က ထုတ်ပြန်ခဲ့သည်။  (Xinhua)