Connect with us

Politics, Law & Military

ယခင်က အချိန်ပိုင်းသာ ဓာတ်အားဖြန့်ဖြူးပေးနိုင်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများကို နိုင်ငံတော်ဓာတ်အားစနစ်မှ ၂၄ နာရီပတ်လုံး ဓာတ်အား ဖြန့်ဖြူးပေးနိုင်

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကျိုင်းတုံပင်မဓာတ်အားခွဲရုံရှိ ပင်မဓာတ်အားခွဲရုံ၏ Switch Yard အား ကြည့်ရှုစစ်ဆေးနေစဉ်(ဓာတ်ပုံ - Myanmar President Office)

ရန်ကုန် ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများကို ယခုအခါတွင် နိုင်ငံတော် ဓာတ်အားစနစ်မှ ၂၄ နာရီပတ်လုံး ဓာတ်အား ဖြန့်ဖြူး ပေးနိုင်ပြီ ဖြစ်သဖြင့် ဒေသရှိ ပြည်သူလူထုများ၏ လူမှုစီးပွားဘဝ ပိုမို ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရ အဖွဲ့ လျှပ်စစ် ၊ စွမ်းအင် နှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

“ဒေသမှာ ရှိတဲ့ ပြည်သူလူထုတွေ လူမှုစီးပွားဘဝတွေ ပိုပြီး ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာ အခွင့်အလမ်းတွေ ပေါ်လာမှာပေါ့။”ဟု ၎င်းက ပြောကြားခဲ့သည်။ယခင်က ဒီဇယ်ဓာတ်အားပေးစက်များ၊ အသေးစား ရေအားလျှပ်စစ် စက်များနှင့် အချိန်ပိုင်းသာ ဓာတ်အား ဖြန့်ဖြူး ပေးနိုင်ခဲ့သည့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများကို ယခုအခါ နိုင်ငံတော်ဓာတ်အားစနစ်မှ ၂၄ နာရီပတ်လုံး ဓာတ်အား ဖြန့်ဖြူးပေးနိုင်ပြီ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဩဂုတ် ၈ ရက်တွင် ပြုလုပ်သော ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ မဟာဓာတ်အားလိုင်း၊ ပင်မဓာတ်အားခွဲရုံများဖွင့်ပွဲနှင့် လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ခြင်း အခမ်းအနား၌ ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က”ရှမ်းပြည်နယ်ကို ကြည့်မယ်ဆိုရင်လည်း ၂၀၁၆ ခုနှစ်မှာ (၁၆၅) မဂ္ဂါဝပ်သာ သုံးစွဲနိုင်ခဲ့ရာမှ ယခု ၂၀၂၀ ပြည့်နှစ်မှာ (၂၅၆) မဂ္ဂါဝပ်ခန့်အထိ တိုးတက်သုံးစွဲလာနိုင် ခဲ့တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ 

ရှမ်းပြည်နယ်အတွင်းမှာ ၂၀၁၆ ခုနှစ်၊ မတ်လမှာဆိုရင် ၂၅ ဒသမ ၄ ရာခိုင်နှုန်း ကိုသာ နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ပို့လွှတ်နိုင်ခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ်မှာဆိုရင် ၄၅ ဒသမ ၆ ရာခိုင်နှုန်း အထိ လျှပ်စစ်ဓာတ်အား ရရှိအောင် ဆောင်ရွက်နိုင် ခဲ့ပြီ လည်းဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ရှမ်းပြည်နယ် အတွင်း ၅၀ ရာခိုင်နှုန်း အထိ လျှပ်စစ်ဓာတ်အား တိုးတက်ဖြည့်ဆည်းပေးနိုင်ရေး ကိုလည်း ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။”ဟု ပြောကြားခဲ့သည်။

ယခုကဲ့သို့ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများကို ၂၄ နာရီ ဓာတ်အားဖြန့်ဖြူးပေး နိုင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည်  နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ ၂၃၀ ကေဗွီ မဟာ ဓာတ်အားလိုင်း နှင့် မိုင်းပျဉ်း နှင့် ကျိုင်းတုံပင်မဓာတ်အားခွဲ ရုံကြီးများ အသစ်တည်ဆောက် ခြင်းအပြင် နမ့်စန်မြို့က မူလရှိပြီးသား ၁၃၂ ကေဗွီ ဓာတ်အားခွဲရုံကို ၂၃၀ ကေဗွီအဆင့်သို့ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းတွေကိုပါ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က”ကျွန်တော်တို့ အစိုးရ တာဝန်ယူ ဆောင်ရွက်ခဲ့တဲ့အချိန်ကစလို့ နိုင်ငံတော်ရဲ့ ဘဏ္ဍာရန် ပုံငွေအသုံးစရိတ်များကို လျှပ်စစ်ကဏ္ဍအတွက် ဦးစားပေး ခွဲဝေသတ်မှတ်ပေးခဲ့ပြီး လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၂၀ ပြည့်နှစ် ဇွန်လအထိ ၄ နှစ်ကျော် ကာလအတွင်း စုစုပေါင်း (၂၀၀၅) မဂ္ဂါဝပ်ကို တိုးတက် ထုတ်လုပ်ပေးနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။

ဓာတ်အားပေးစက်ရုံများ တိုးချဲ့ တည်ဆောက်ခဲ့သည်နှင့်အညီ ထုတ်လုပ်ပေးခဲ့တဲ့ဓာတ်အားများကို သုံးစွဲသူများအသုံးပြု နိုင်ရေး အတွက် ၂၀၁၆ ခုနှစ်မှစတင်၍ ၄ နှစ်ကျော်ကာလအတွင်း ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ၊ ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း စုစုပေါင်း (၃၃၉၄၉) မိုင်ကျော်နှင့် ခွဲရုံများ အနေဖြင့် (၂၁၃၉၀) အမ်ဗွီအေကို တိုးချဲ့တည်ဆောက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းလုံးသို့ လျှပ်စစ်ဓာတ်အား ပိုမို ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်၊ မတ်လတွင် အများဆုံးဝန်အား (၂၈၀၀) မဂ္ဂါဝပ် သုံးစွဲနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် အများဆုံးဝန်အား (၃၈၂၈) မဂ္ဂါဝပ် သုံးစွဲ လျက်ရှိကြောင်း သိရသည်။ (Xinhua)