Connect with us

Australia / Oceania

အိန္ဒိယနိုင်ငံမှ ခိုးယူခံရသော ဗုဒ္ဓဆင်းတုတော်အား ပြန်လည်လွှဲပြောင်းပေးမည်ဟု သြစတြေးလျပြော

သြစတြေးလျနိုင်ငံသို့ရောက်ရှိနေသော ဗုဒ္ဓဆင်းတုတော်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကင်ဘာရာ ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့ရှိ သြစတြေးလျ အမျိုးသား ပန်ချီပြခန်း (NGA) ၌ ပြသထားသည့် နှစ်ပေါင်း ၁,၈ဝဝ သက်တမ်းရှိ အိန္ဒိယနိုင်ငံမှ ကျောက်သား ဗုဒ္ဓဆင်းတုတော် တစ်ဆူသည် ရှေးဟောင်းပစ္စည်း မှောင်ခို ရောင်းဝယ်သူထံမှ ဝယ်ယူထားကြောင်း သိရှိခဲ့ရပြီးနောက် ၎င်းဆင်းတုတော်အား မူလနေရပ် တိုင်းပြည်သို့ပြန်လည် လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဆင်းတုတော်သည် ဉာဏ်တော်အမြင့် ၁.၃ မီတာရှိပြီး ၂ ရာစု ရှေးဟောင်း လက်ရာတစ်ခု ဖြစ်ကြောင်း သိရသည်။ သြစတြေးလျနိုင်ငံရှိ NGA ပြခန်း၌ ခင်းကျင်းပြသ ထားရန်အတွက် သန်းကြွယ်သူဌေးကြီး Ros Packer သည် အာရှ ပန်းချီပန်းပု အနုပညာကျွမ်းကျင်ပညာရှင် Nancy Wiener ထံမှ ၎င်းဆင်းတုတော်အား ၂ဝဝ၇ ခုနှစ်က ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
အမှန်စင်စစ် အဆိုပါ ဆင်းတုတော်သည် အိန္ဒိယနိုင်ငံ အူထရာပါရဒက်ရှ် ပြည်နယ် Mathura ရှေးဟောင်း အမွေအနှစ်ဇုန်မှ ခိုးဝှက် ယူဆောင်ထားသော ရုပ်ပွားတော် တစ်ဆူဖြစ်ပြီး NGA ပြခန်း တာဝန်ရှိသူသည် ၎င်းရှေးဟောင်း ပစ္စည်းအား မည်သို့မည်ပုံ ရရှိခဲ့သည်ဆိုသည့် Wiener ၏ ပြောဆိုချက်ကို အမှန်မှတ်ယူ၍ ရိုးရိုးသားသား လက်ခံခဲ့ခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လာမည့် စက်တင်ဘာလတွင် သြစတြေးလျ နိုင်ငံ၌ အိန္ဒိယဉ်ကျေးမှု ပွဲတော်ကျင်းပရန် ရှိနေပြီး ယင်းပွဲတော်ကို တက်ရောက်လာမည့် အိန္ဒိယ အစိုးရ တာဝန်ရှိသူများအား ဗုဒ္ဓဆင်းတုတော်ကို တရားဝင် ပြန်လည် လွှဲပြောင်း ပေးအပ်သွားမည်ဟု NGA ပြခန်း ညွှန်ကြားရေးမှူး Gerard Vaughan က ဆိုသည်။ ၎င်းက “ စက်တင်ဘာလမှာ အိန္ဒိယ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တွေလာဖို့ရှိတယ်။ အဲဒီအခါကျရင် ဆင်းတုတော်ကို ပြန်လွှဲ ပေးလိုက်မယ်” ဟု ပြောကြားခဲ့သည်။
“ အိန္ဒိယအစိုးရနဲ့သဘောတူညီမှု ရရှိထားပြီးပါပြီ။ ဒီဆင်းတုတော်က ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှု မဟုတ်ဘူးလေ။ ဒါကြောင့် အိန္ဒိယကို ပြန်လွှဲပြောင်းပေး လိုက်ရုံပါပဲ” ဟု ဆက်လက် ပြောကြားသည်။
အဆိုပါ ဆင်းတုတော်မှာ ပုံမပျက် အကောင်းပကတိအတိုင်း ရှိနေပြီး အစပိုင်းတွင် ဆင်းတုတော်အား အတုဟုသာ ထင်မှတ်ထားခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံမှ ရှေးဟောင်း သုတေသီများက စစ်ဆေးပြီးသောအခါမှာသာ ရှေးဟောင်း ဆင်းတုတော် အစစ်အမှန် တစ်ဆူဖြစ်ကြောင်း သိရှိခဲ့ကြခြင်း ဖြစ်သည်။
“ အကြောင်းပြချက်တစ်ခုက ဆင်းတုတော်ဟာ နှစ်သက်တမ်း သိပ်ကိုကြာနေပေမယ့် အကောင်းပကတိအတိုင်း ဖြစ်နေတယ်။ အဲဒီလိုအရမ်းကောင်းနေတော့ အတုလည်း ဖြစ်နိုင်တယ်လေ ” ဟု Vaughan က ဆိုသည်။
Vaughan ၏ အဆိုအရ NGA သည် ၎င်းတို့ပြခန်းအတွင်းရှိ အာရှ ရှေးဟောင်းအမွေအနှစ် ပစ္စည်း အမျိုးအစားပေါင်း ၅,ဝဝဝ ၏ မူလ ရောင်းချသူများ၏ နောက်ခံ အကြောင်းအရာကို ပြည့်စုံစွာ စစ်ဆေးရန် ပျက်ကွက်ခဲ့သည့် အတွက် ၎င်းပစ္စည်းများကို ပြန်လည် စစ်ဆေးသွားမည် ဖြစ်ကြောင်း ဆိုထားသည်။
NGA ပြခန်းသို့ပစ္စည်းများ အဓိက တင်သွင်းနေသူများထဲမှာ တစ်ဦး အပါအဝင်ဖြစ်သည့် Subhash Kapoor ဆိုသူအား ရှေးဟောင်းပစ္စည်း တရားမဝင် ရောင်းဝယ် ဖောက်ကားမှုဖြင့် လွန်ခဲ့သောလက ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.