Connect with us

Media

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၇ လအတွင်း မြန်မာနိုင်ငံသည် ပြည်ပသို့ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၇၁ သန်း ရရှိထား

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်ဖြစ်သော ဧပြီ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ ၇ လအတွင်း ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၅ သိန်းကျော် တင်ပို့ခဲ့ပြီး ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၇၁ သန်း ဝင်ငွေရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးရဲမင်းအောင်က နိုဝင်ဘာ ၉ ရက်တွင် ဆင်ဟွာသို့ပြောသည်။
ဦးရဲမင်းအောင်က “အခုဒီဘဏ္ဍာရေးနှစ်က ၇ လရှိပြီဆိုတော့ နောက်ထပ် ၅ လကျန်ပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ ဒီနှစ်ကိုလည်း ပုံမှန်ပဲ ဆန်တန်ချိန် ၂ သန်း တင်ပို့ဖို့မှန်းထားပါတယ်။ ပို့ကုန်ဝင်ငွေအနေနဲ့ ဆန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကနေ သန်း ၈၀၀ လောက်အထိ ရနိုင်မယ့်အနေအထားရှိပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံမှ ဆန်များကို ဧပြီလတွင် ဆန်တန်ချိန် ရှစ်သောင်းကျော်၊ မေလတွင် ဆန်တန်ချိန် တစ်သိန်းကျော်၊ ဇွန်လတွင် ဆန်တန်ချိန် ခြောက်သောင်းကျော်၊ ဇူလိုင်လတွင် ဆန်တန်ချိန် ငါးသောင်းကျော်၊ ဩဂုတ်လတွင် ဆန်တန်ချိန် ခြောက်သောင်းနီးပါး ၊ စက်တင်ဘာလတွင် ဆန်တန်ချိန် ရှစ်သောင်းကျော်၊ အောက်တိုဘာလတွင် ဆန်တန်ချိန် တစ်သိန်းတစ်သောင်းကျော်တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

“ဆန်တင်ပို့တဲ့အခါမှာ များသောအားဖြင့်က ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတွေက တင်ပို့တာနည်းတယ်။ နိုဝင်ဘာကနေ ဧပြီ၊ မေလတွေအထိကတော့ အိတ်စပို့ရာသီပေါ့။ အခုကျန်ရှိနေတဲ့ လတွေမှာ ပျမ်းမျှအားဖြင့် တစ်လကို ဆန်တန်ချိန် ၂ သိန်းကနေ ၂ သိန်းခွဲ အထိတင်ပို့ဖို့ရှိပါတယ်။ ဒါပေမဲ့ ဒီနှစ်ကတော့ အယ်နီညို ရာသီဥတုဖြစ်စဉ်ကို စောင့်ကြည့်နေရတာပေါ့။ အခုလည်း မိုးတွေက ဆက်တိုက်ရွာတော့ ရိတ်သိမ်း၊ ခြွေလှေ့တဲ့နေရာမှာ အစိုဓာတ်တွေများတယ်။ တောင်သူလယ်သမားတွေ အခက်အခဲတွေရှိတယ်။ ရိတ်သိမ်း၊ ခြွေလှေ့ပြီးတဲ့ နောက်ပိုင်းမှာ အခြောက်ခံစက် လိုအပ်ချက်တွေများတယ်။ စပါးပေါ်တာကတော့ အခုအစပဲ ရှိပါသေးတယ်။ နိုဝင်ဘာလကုန်ပိုင်းနဲ့ ဒီဇင်ဘာလ အခြေအနေကို ကြည့်ရဦးမှာ ဖြစ်ပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုကို ဆက်လက်စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ဆန်စပါးသိုလှောင်မှု မှတ်ပုံတင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့်သင့်တင့်မျှတသော ဆန်ဈေးနှုန်းများ (Reasonable Market Price) ဖြင့်ရောင်း/ ဝယ်ရန် တိုက်တွန်းနှိုးဆော်ချက်များကိုလည်း မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်က ထုတ်ပြန်ထားရှိကြောင်း သိရသည်။“ဆန်စပါးသိုလှောင်မှုနဲ့ ပတ်သက်ပြီးတော့ စာရင်းအင်းတွေ မှန်ကန်တိကျမှု၊ ပြည်တွင်းမှာ လက်ကျန်ဘယ်လောက်ရှိတယ်။ ဘာအမျိုးအစားတွေ သိုလှောင်ထားတယ်၊ ဘယ်လောက် သိုလှောင်ထားတယ်၊ ဘယ်နေရာမှာ သိုလှောင်ထားတယ် ဆိုတာတွေကို စာရင်းအင်းအချက်အလက်တွေ တိတိကျကျသိမှ ဆုံးဖြတ်ချက်တွေ ချတဲ့အခါမှာ Policy Maker တွေအတွက် အထောက်အကူဖြစ်မှာဖြစ်တယ်။ တခြားနိုင်ငံတွေမှာလည်း ဒီလိုလုပ်ကြတာတွေရှိတယ်။ ဒါကြောင့် ကျွန်တော်တို့က အခုလိုလုပ်ဖြစ်တာပါ” ဟု ဦးရဲမင်းအောင်က ဖြည့်စွက်ပြောကြားသည်။မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်များကို တရုတ်နိုင်ငံ၊ ဥရောပနိုင်ငံများ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အာဖရိကနိုင်ငံ တစ်ချို့ကို တင်ပို့လျက်ရှိကြောင်း သိရသည်။ (Xinhua)