Connect with us

Media

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ် တွင် မြန်မာနိုင်ငံမှ ပျားရည် ၅၀၀ တန်ကျော် တင်ပို့နိုင်

ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်တွင် မြန်မာနိုင်ငံမှ ပျားရည် ၅၁၇ တန်ကျော် တင်ပို့နိုင်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၁၇ ရက်တွင် ပြောသည်။

မြန်မာနိုင်ငံမှ ပျားရည်များကို ဧပြီလတွင် ၁၀၀. ၄၁ တန်၊ မေလတွင် ၃၃၆.၇ တန်နှင့် ဇွန်လတွင် ၈၀ တန်ကျော် အား ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် စင်ကာပူနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

“ပျားရည်တင်ပို့မှုနဲ့ပတ်သက်ပြီး အရင်နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင်တော့ ဒီနှစ်က ၁၅ ရာခိုင်နှုန်း ပိုပြီးတင်ပို့နိုင်ပါတယ်’’ ဟု ဦးစိုးနိုင်ကပြောသည်။

“ပျားမွေးမြူရေးဖွံ့ဖြိုးဖို့အတွက် ရောဂါကာကွယ်ရေးနည်းပညာတွေသင်ပြပေးတယ်။ မျိုးပွားနိုင်တဲ့ ပျားဘုရင်မတွေကိုလည်း နိုင်ငံခြားကမှာပြီး ပြန်လည်ဖြန့်ဖြူးပေးတာတွေ လုပ်ပါတယ်။ ကျွန်တော်တို့ဌာနအနေနဲ့ မျိုးနေကြာတွေ စိုက်ပြီး မျိုးတွေကို ပြန်ဖြန့်ဖြူးပေးပါတယ်။ အောက်တိုဘာလ နဲ့ စက်တင်ဘာလကတော့ ပျားရည်အများဆုံးထွက်တဲ့ လဖြစ်ပါတယ်။ ကျွန်တော်တို့ဌာနအနေနဲ့ ပုဂ္ဂလိက ပျားမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ တတ်နိုင်တဲ့ အပိုင်းက ကူညီဆောင်ရွက်ပေးနေပါတယ်” ဟု ၎င်းကဖြည့်စွက် ပြောကြားသည်။

မြန်မာနိုင်ငံမှ ပျားများကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် မွေးမြူလျက်ရှိပြီး နိုင်ဂျာပျားရည်၊ နေကြာပျားရည် နှင့် ပန်းပျားရည်တို့ကို ထုတ်လုပ်လျက်ရှိကြောင်း ဦးစိုးနိုင်၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံသည် နှစ်စဉ် ပျားရည်တန်ချိန် ၇၀၀၀ ခန့် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ဧပြီလမှ ဇွန်လ အတွင်း မြန်မာနိုင်ငံမှ ပျားရည်အပါဝင် တိရစ္ဆာန်ထွက်ကုန်များတင်ပို့ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၁.၆၈၂ သန်း ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ကုန်များ၊ ရေထွက်ကုန်များ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ပစ္စည်းများ၊ စက်မှုကုန်ချောပစ္စည်းများနှင့် အခြားပစ္စည်းများ တင်ပို့လျက်ရှိကြောင်း သိရသည်။ (Xinhua)