Connect with us

Economy

တရုတ်နိုင်ငံ၏ တိုးတက်မှုက ကမ္ဘာ့နိုင်ငံများအတွက် ဥပမာကောင်း တစ်ခုပါ

တရုတ်နိုင်ငံ အထည်ချုပ် စက်ရုံတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် တီထွင်ဆန်းသစ်မှု၊ ပြည်သူဗဟိုပြု သဘောတရား၊ တည်ငြိမ်မှု၊ အခြေခံ အဆောက်အအုံ အဆင့်မြှင့်တင်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ လွှမ်းခြုံမှုဝါဒ (Globalization) စသည်တို့အား အကျိုးရှိရှိ အသုံးချကာ တိုးတက်လာခြင်းက အခြား ကမ္ဘာ့နိုင်ငံများအတွက် ဥပမာကောင်း တစ်ရပ် ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။

“တရုတ်ရဲ့ စီးပွားရေးဟာ တည်ငြိမ်ပြီး ပိုမို ကောင်းမွန်တဲ့ လက္ခဏာဘက်ကို ပြနေတယ်၊ ဒါတွေဟာ တိုးတက်မှုဆိုင်ရာ မူဝါဒတွေ၊ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနဲ့ မူဝါဒ ဆန်းသစ်မှုတွေကို ကျေးဇူးတင်ရမယ်” ဟု တရုတ်နိုင်ငံ Tsinghua တက္ကသိုလ် ပါမောက္ခ ချိုက်ကျိမင်က ပြောသည်။

“အခြား ဖွံ့ဖြိုးဆဲနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေကလဲ အလားတူ ပုံစံ လုပ်ဆောင်သွားကြတဲ့အတွက် တရုတ်နိုင်ငံကလဲ အမျိုးသားရေးဆိုင်ရာ အခြေအနေတွေကို အခြေခံပြီး ဆန်းသစ်မှုတွေ ဆက်လုပ်သွားရမယ်” ဟု ချိုက်က ဆိုသည်။

တရုတ်နိုင်ငံ၏ တိုးတက်မှုမှာ ၂၆ နှစ်အတွင်း အနှေးဆုံးအဖြစ် ၂၀၁၆ ခုနှစ်တွင် ၆.၇ ရာခိုင်နှုန်းရှိခဲ့သော်လည်း အခြား နိုင်ငံ စီးပွားရေးများထက် ကောင်းမွန်နေသေးပြီး ကမ္ဘာ့ စီးပွားရေးကို ၃၀ ရာခိုင်နှုန်း ထောက်ကူထားကြောင်း သိရသည်။

“လူထုအခြေပြု လုပ်ဆောင်ခဲ့တဲ့ တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ စီးပွားရေး တိုးတက်မှုရဲ့ အနှစ်သာရဆိုတာ ဆင်းရဲမွဲတေမှု လျော့ပါးရေး ကြိုးပမ်းလုပ်ဆောင်မှုတွေကနေ သက်သေခံနေပါတယ်” ဟု ၁၂ ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ညီလာခံ (CPPCC) အမျိုးသား ကော်မတီ ကိုယ်စားလှယ် တစ်ဦး ဖြစ်သူ လီကျုံးကျဲ့က ပြောသည်။

တရုတ်နိုင်ငံသည် ၂၀၁၆ ခုနှစ်တွင် ကျေးလက်ဒေသနေ ပြည်သူ ၁၂.၄ သန်းအား ဆင်းရဲမွဲတေမှု သတ်မှတ်ချက်မှ ဆွဲတင်နိုင်ခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းအထိ စာရင်းအရ ပြည်သူ ၄၃.၃၅ သန်းမှာ ဆင်းရဲမွဲတေမှု အခြေအနေတွင် နေထိုင်လျက်ရှိပါသည်။

၂၀၂၀ ပြည့်နှစ်တွင် ဆင်းရဲသော ကျေးလက်နေ ပြည်သူအားလုံးကို ဆင်းရဲမွဲတေမှုမှ ဆွဲတင်နိုင်ရမည်ဟု တရုတ်နိုင်ငံက ကြွေးကြော်ထားသည်။

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ကျင်းပခဲ့သော ၁၂ ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ (CPPCC) အမျိုးသား ညီလာခံ ငါးကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

အဆိုပါ ကြွေးကြော်ချက်နှင့် လျော်ညီစွာ အစိုးရက ဘဏ္ဍာရေး၊ လယ်ယာမြေ၊ ငွေရေးကြေးရေး၊ ပညာရေးနှင့် ကျန်းမာရေး မူဝါဒများ အပါအဝင် ဆင်းရဲမွဲတေမှု လျော့ပါးရေးအတွက် အခိုင်အမာ ထောက်ပံ့မှု ပေးခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံက တည်ငြိမ်မှု တန်ဖိုးများကို အစဉ်တစိုက် ထိန်းသိမ်းထားခဲ့သလို ယခုနှစ်ကိုလည်း “တည်ငြိမ်မှုကို ထိန်းသိမ်းရင်း တိုးတက်မှုကို ရှာဖွေစို့” ဟူသော အခြေခံ အရည်အသွေးကို အခိုင်အမာ စွဲကိုင်ထားလျက်ရှိသည်။

တရုတ်နိုင်ငံ မူဝါဒ ချမှတ်သူများအနေဖြင့်လည်း ဖွဲ့စည်းတည်ဆောက်ပုံနှင့် စနစ်တကျ ပြုပြင်ပြောင်းလဲမှုများ အတွင်း တိုးတက်မှု ရှာဖွေနေစဉ်တွင် စီးပွားရေး၊ အလုပ်သမားခန့်ထားရေး၊ လူမှု အသိုင်းအဝိုင်းနှင့် တိုးတက်မှု မျှော်မှန်းချက် တည်ငြိမ်ရေးများအား ထိန်းသိမ်းရ ကြိုးပမ်းရမည် ဖြစ်ပြီး တိုးတက်မှု အရှိန်အဟုန်သစ်၊ ပြည်သူများ၏ လူနေမှု ဘဝ မြှင့်တင်ရမည် ဖြစ်ကြောင်း စီးပွားရေး ပညာရှင်နှင့် ဗဟိုဘဏ် အကြံပေးဟောင်းလည်း ဖြစ်၊ CPPCC အမျိုးသား ကော်မတီ ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်သူ ယူယုံသင်းက အကြံပြုခဲ့သည်။

“တည်ငြိမ်ခြင်း” နှင့် “တိုးတက်ခြင်း” အကြား ဆက်စပ်မှုကို ဘယ်လို ချိန်ညှိ ကိုင်တွယ်မလဲဆိုတာ အပါအဝင် အကြံဉာဏ်တွေကို ကမ္ဘာကို တရုတ်က ပေးခဲ့သည်။

၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၆.၅ ရာခိုင်နှုန်း တိုးတက်လာမည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့က ဇန်နဝါရီလ အစီရင်ခံစာ တစ်စောင်တွင် ခန့်မှန်းထားခဲ့သည်။

တရုတ်နိုင်ငံရှိ ရထားလမ်း လည်ပတ်မှု အရှည်မှာ၂၀၁၅ ခုနှစ်တွင် မြန်နှုန်းမြင့် ရထားလမ်း ၁၉,၀၀၀ ကီလိုမီတာ အပါအဝင် ၁၂၁,၀၀၀ ကီလိုမီတာရှိပြီး ကမ္ဘာ့ ဒုတိယ အရှည်ဆုံး ဖြစ်ကြောင်း တရားဝင် စာရင်းဇယားများအရ သိရသည်။ မြန်နှုန်းမြင့် ရထားလမ်းအရှည်ကလည်း ကမ္ဘာတွင် ပထမ နေရာ၌ ရပ်တည်နေသည်။

တရုတ်နိုင်ငံသည် ၁၃ ကြိမ်မြောက် ငါးနှစ်တာ စီမံကိန်း (၂၀၁၆-၂၀၂၀) ကာလအတွင်း ရထားလမ်း တည်ဆောက်ရေးအတွက် ယွမ် ၃.၅ ထရီလီယံ (အမေရိကန် ဒေါ်လာ ၅၀၃.၆ ဘီလီယံ) ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။

ထို့ပြင် ၂၀၂၀ ခုနှစ်အထိ မြန်နှုန်းမြင့် ရထားလမ်းအရှည် ကီလိုမီတာ ၃၀၀၀၀ တိုးမြှင့် တည်ဆောက်မည် ဖြစ်ကာ မြို့ကြီး ၈၀ ရာခိုင်နှုန်းကျော်ထံ ချိတ်ဆက်နိုင်မည် ဖြစ်ကြောင်း၊ အဝေးပြေးလမ်းများကိုလည်း ကီလိုမီတာ ၃၀၀၀၀ ပြန်လည် ပြင်ဆင်သွားမည်ဟု ဆိုသည်။

တရုတ်နိုင်ငံသည် ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း၊ အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် ပိုးလမ်းမကြီး ရန်ပုံငွေ စသည်တို့ အပါအဝင် အခြေခံ အဆောက်အအုံ အစီအစဉ်များ တလျှောက် အာရှ-ပစိဖိတ် ဒေသနှင့် ချိတ်ဆက်ရန် ကြိုးစားလျက်ရှိသည်။

၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံက အဆိုပြုထားသော ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းသည် ခေတ်ဟောင်း ကုန်သွယ်မှု လမ်းကြောင်း တလျှောက်ရှိ အာရှကို ဥရောပနှင့် အာဖရိကတို့နှင့် ဆက်သွယ်ပေးမည့် အခြေခံ အဆောက်အအုံ ကွန်ရက် တစ်ခု ဖြစ်လာမည် ဖြစ်သည်။

ထို့ကြောင့်ပင် ယခုအချိန်တွင် အဆိုပါ စီမံကိန်းနှင့် ချိတ်ဆက်လာသည့် နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းပေါင်း ၁၀၀ ကျော် ရှိလာပြီ ဖြစ်သလို တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှုယူထားသော နိုင်ငံ ၄၀ ကျော် ရှိလာပြီ ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာဝါဒဆိုသည်မှာ နိုင်ငံ တစ်နိုင်ငံအတွက် သင့်တင့်လျောက်ပတ်သော ကမ္ဘာ့ စီးပွားရေး အတွင်းသို့ ပေါင်းစည်းလာနိုင်ရန် အခွင့်အရေးကြီး တစ်ရပ် ဖြစ်ကြောင်း စီးပွားရေးပညာရှင် ယူက မှတ်ချက်ပြုသည်။

တရုတ်နိုင်ငံရှိ မြန်နှုန်းမြင့် ရထားများနှင့် ရထားလမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ပြုပြင်ပြောင်းလဲမှုများ တံခါးဖွင့်ပေးလိုက်သည့် ၁၉၇၈ ခုနှစ်ကစ၍ တရုတ်နိုင်ငံအတွင်း နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ၁.၇ ထရီလီယံ တရုတ်နိုင်ငံက ဆွဲဆောင်ထားနိုင်ခဲ့သလို ပြည်ပ၌ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှာလည်း အမေရိကန် ဒေါ်လာ ၁.၂ သန်း ကျော်ရှိခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်အတွင်း တရုတ် စီးပွားရေး လုပ်ငန်းများတွင် ပြည်ပ ပညာရှင် ၁.၅ သန်း ငှားရမ်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဋ္ဌာနထံမှ သိရသည်။

မည်သို့ပင်ဆိုစေကာမူ ၂၀၁၇ ခုနှစ်တွင် ကာလရှည် ပြောင်းလဲမှု မရှိ တိုးတက်နေသည့် အခြေခံအချက်များအရ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ကမ္ဘာ့ စီးပွားရေးကို မောင်းနှင်ပေးမည့် အခိုင်မာဆုံးသော မောင်းနှင်အား တစ်ရပ်အဖြစ် ဆက်လက် တည်ရှိနေပေဦးမည်ဟု ၁၂ ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ညီလာခံ (CPPCC) အမျိုးသား ကော်မတီ ၅ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ပြောခွင့်ရပုဂ္ဂိုလ် Wang Guoqing က သုံးသပ် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.