Connect with us

North America

UAE၊ ဆော်ဒီ ခေါင်းဆောင်များ နှင့် ထရမ့်တို့ အီရန်အရေး ဆွေးနွေး

ကမ္ဘာ့ခေါင်းဆောင်များအား ဖုန်းဖြင့်ဆွေးနွေးပြောဆိုနေသည့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် သည် ဖေဖော်ဝါရီ ၂၇ ရက်တွင် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် ဆော်ဒီအာရေဗျနိုင်ငံ တို့မှ ခေါင်းဆောင်များ နှင့် သီးခြားစီ ဖုန်းပြောခဲ့ပြီး အီရန်နိုင်ငံ ၏ ဒေသတွင်း လွှမ်းမိုးလာမှုကို ပင်လယ်ကွေ့နိုင်ငံများပူးပေါင်း၍ တုံပြန်ဆောင်ရွက်ရန် ယင်း နှစ်နိုင်ငံအား တိုက်တွန်းပြောကြားခဲ့သည်။

အိမ်ဖြူတော်က ထရမ့်သည် UAE အိမ်ရှေ့စံ Mohammed bin Zayed အား ဖုန်းဖြင့်ပြောဆိုရာတွင် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင် နိုင်ငံများအားလုံး သည် အီရန်နိုင်ငံ ၏ တည်ငြိမ်မှုပျက်ပြားစေသော ဆောင်ရွက်မှုအားလုံးကို ပိုမိုကောင်းမွန်စွာ တုံ့ပြန်ဆောင်ရွက်ပြီး အကြမ်းဖက်သမားများ နှင့် အစွန်းရောက်သမားများကို တိုက်ခိုက်သွားရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်ကို ထုတ်ပြန်ချက်၌ဖော်ပြခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၇ ရက်က ဆော်ဒီနိုင်ငံ အိမ်ရှေ့စံ Mohammed bin Salman နှင့် သီးခြားစီ ဖုန်းပြောဆိုရာတွင် ထရမ့်က အီရန်နိုင်ငံ၏ လွှမ်းမိုးချုပ်ကိုင်မှု ကို တန်ပြန်ဆောင်ရွက်ရန် GCC ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ပေးခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း နှင့် ဒေသတွင်းခြိမ်းခြောက်မှု လျော့နည်းလာစေရန် နှင့် ဒေသတွင်း စီးပွားရေးတိုးတက်များပြားလာမှု သေချာစေရန်အတွက် GCC ၏ အရေးပါမှုကို အိမ်ရှေ့စံ နှင့် အတူ သဘောတူလက်ခံပါကြောင်း ပြောကြားခဲ့သည်။

၂၀၁၇ခုနှစ်တွင် ဆော်ဒီအာရေဗျနိုင်ငံ နှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အပါအဝင် အခြားနိုင်ငံများက ကာတာနိုင်ငံအား အကြမ်းဖက်မှုကို ထောက်ပံ့ပေးခြင်း၊ အီရန်နိုင်ငံ နှင့် နီးကပ်စွာ ဆက်ဆံ၍ ဒေသတွင်းလုံခြုံမှုကို ပြိုလဲအောင်ဆောင်ရွက်ခြင်းတို့ပြုလုပ်နေကြောင်း စွပ်စွဲခဲ့ကြသည်။

ကာတာနိုင်ငံက ယင်းစွပ်စွဲချက်သည် တရားမျှတမှုမရှိဘဲ အခြေအမြစ်မရှိသော စွပ်စွဲချက်တစ်ခုဖြစ်ကြောင်း ပြင်းထန်စွာ ငြင်းဆန်ခဲ့သည်။

ထရမ့်က ကာတာနိုင်ငံသည် အကြမ်းဖက်မှုအား အန္တရာယ်ရှိသည့် အဆင့်အထိ ထောက်ပံ့ပေးနေကြောင်း ဇွန်လတွင် မှတ်ချက်စကားပြောကြားပြီးနောက် ပင်လယ်ကွေ့နိုင်ငံများ နှင့် ကာတာနိုင်ငံအကြား တင်းမာမှု ပိုမိုမြင့်တက်၍ ဆိုးရွားလာကြောင်းသိရသည်။ (Xinhua)