Connect with us

Politics, Law & Military

ကမ္ဘာ့ ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်မြင်ခြင်း ၇၅ နှစ် မြောက် အထိမ်းအမှတ်အဖြစ် တရုတ်သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားသမ္မတ ပူတင် သဝဏ်လွှာ အပြန်အလှန် ပေးပို့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင် ၂၀၁၉ ခုနှစ် ဇွန် ၅ ရက်က မော်စကိုမြို့တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

ကမ္ဘာ့ ဖက်ဆစ်တော်လှန်ရေး အောင်မြင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင်တို့သည် စက်တင်ဘာ ၃ ရက်က ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြကြောင်း သိရသည်။

သမ္မတ ရှီကျင့်ဖိန်၏ ဂုဏ်ပြုသဝဏ်လွှာထဲတွင် လွန်ခဲ့သော ၇၅ နှစ်က ယနေ့အချိန်အခါတွင် တရုတ်နိုင်ငံပြည်သူများ၏ဂျပန်တော်လှန်ရေးနှင့် ဆိုဗီယက်ပြည်ထောင်စု ဂျပန်ဆန့်ကျင်ရေးစစ်ပွဲ အောင်မြင်ခဲ့ရာ  ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အဆုံးတိုင် အောင်မြင်ပြီးမြောက်ခဲ့သည်ကို ကမ္ဘာကို ကြေညာနိုင်ခဲ့ကြောင်း၊  အာရှ၊ ဥရောပ၊ အာဖရိက ၊ ပင်လယ်သမုဒ္ဒရာ ကျွန်းစုများအထိ ပြန့်နှံ့ခဲ့သည် ထိုစဉ်က စစ်ပွဲအတွင်း နိုင်ငံအသီးသီးရှိ တပ်ဖွဲ့ဝင်နှင့်ပြည်သူပေါင်း သန်း ၁၀၀ ကျော် သေဆုံး ဒဏ်ရာရရှိခဲ့ကြရာ လူသားမျိုးနွယ်တို့၏ သမိုင်းတွင် ကြေကွဲဝမ်းနည်းဖွယ်အကောင်းဆုံး ပေးဆပ်မှုဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

တရုတ်-ရုရှား နှစ်နိုင်ငံသည် အာရှနှင့် ဥရောပ၏ အဓိက စစ်မျက်နှာပြင်အနေဖြင့် ကမ္ဘာ့ ဖက်စစ်တော်လှန်ရေး စစ်ပွဲတွင် တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ် ကြီးမားစွာ စတေးခဲ့ရပြီး  သမိုင်းတွင် ဖျောက်ဖျက်မရသော အကျိုးဆောင်ခဲ့ကြကြောင်း ၊ နှစ်နိုင်ငံပြည်သူများ ပုခုံးချင်းယှဉ်တွဲ တိုက်ပွဲဝင်ခဲ့ကြရာ သွေးချင်းဆက်နွယ် မပျောက်မပျက်နိုင်သော ခိုင်မာသည့် ချစ်ကြည်ရေးဖြစ်တည်ခဲ့ကြကြောင်း နှင့် နှစ်နိုင်ငံ ဆက်ဆံရေး အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသည့် အခြေခံ အုတ်မြစ် ဖြစ်ခဲ့ကြောင်း သမ္မတရှီ၏ သဝဏ်လွှာတွင် ရေးသားထားသည်။

တရုတ်-ရုရှား နှစ်နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြရာ ကမ္ဘာ့ ငြိမ်းချမ်းရေး၊ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွင် အရေးပါသည့် တာဝန် ဝတ္တရားများ ရှိကြောင်း၊ မိမိအနေဖြင့် အဆွေတော်နှင့်အတူ ကမ္ဘာ့ ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်မြင်ခြင်း ၇၅ နှစ်မြောက် အထိမ်းမှတ် အချိန်အခါတွင် တရုတ်-ရုရှား နှစ်နိုင်ငံ ဘက်ပေါင်းစုံမဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို ဦးဆောင်ကာ နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ ဒုတိယကမ္ဘာစစ်၏ အောင်မြင်မှုရလဒ်နှင့် နိုင်ငံတကာ တရားမျှတမှုကို ခိုင်မာစွာ ကာကွယ်သွားလိုကြောင်း ၊ နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို အကောင်အထည်ဖော် ထိန်းသိမ်းစောင့်ရှောက်သွားကာ အနာဂတ်မျိုးဆက်သစ်များ၏ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် အတူဖွံ့ဖြိုးတိုးတက်သည့်ကမ္ဘာဖြစ်ရန် လူသားမျိုးနွယ် အေးတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှုကို တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း  သမ္မတရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် အလေးထား ဖော်ပြခဲ့သည်။

သမ္မတ ပူတင်၏ သဝဏ်လွှာတွင် ဒုတိယ ကမ္ဘာစစ်သည် လူသားတို့၏ သမိုင်းတွင် ဝမ်းနည်းကြေကွဲအကောင်းဆုံး အဖြစ်ဆိုးဖြစ်ခဲ့ကြောင်း ၊ ဆိုဗီယက် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံသည် ဖက်စစ်ဝါဒနှင် စစ်ဝါဒကို ဆန့်ကျင်တိုက်ခိုက်သည့် အဓိကစစ်မြေပြင်ဖြစ်ရာ ကျူးကျော်သူများအား အနိုင်ရရန် ကြီးမားသည့် အမျိုးသားရေး စတေးမှုများဖြင့် ပေးဆပ်ခဲ့ရကြောင်း ၊ အဆုံးစွန် ခက်ခဲကြမ်းတမ်းသည့် စစ်ပွဲတွင် မိမိတို့ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများသည့် နက်ရှိုင်းသည့် ချစ်ကြည်ရေး တည်ရှိခဲ့ကြကြောင်း ဖော်ပြထားသည်။

ယခုကဲ့သို့ အပြန်အလှန် ကူညီဖေးမမှုစိတ်ဓာတ်သည် ယနေ့တွင် အဆက်မပြတ်ပို၍ တိုးတက်လာခဲ့ရာ ရုရှား-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး တစ်ဟုန်တိုး တိုးတက်လာခဲ့ကြောင်း ၊ ဒုတိယကမ္ဘာစစ်၏ သမိုင်းမှန်ကို ကာကွယ်ထိန်းသိမ်းရန်မှာ မိမိတို့၏ တူညီသည့် တာဝန်ဝတ္တရားဖြစ်ကြောင်း၊ သမိုင်းကို ပုံပြောင်းခြင်း၊ နာဇီ၊ စစ်ဝါဒီနှင့်ကြံရာပါများ၏ လုပ်ရပ်အား အမွှမ်းတင်ခြင်း၊ လွတ်မြောက်ရေးရရှိအောင် အကျိုးဆောင်သူတို့ကို  မေ့ပျောက်အောင်လုပ်ဆောင်ခြင်း၊ ကဲ့ရဲ့အပြစ်တင်ခြင်းနှင့် ဒုတိယကမ္ဘာစစ်၏ ရလဒ်ကို ငြင်းပယ်ခြင်းများကို ခိုင်မာစွာ ဆန့်ကျင်ရမည်ဖြစ်ကြောင်း သမ္မတပူတင်၏ သဝဏ်လွှာတွင် ဆက်လက် ဖော်ပြထားသည်။

ရုရှားနိုင်ငံသည် ချစ်ကြည်ရင်းနှီးသည့် တရုတ်နိုင်ငံနှင့်အတူ စစ်ပွဲ၊ပဋိပက္ခဖြစ်ပွားမှုများကို တားဆီးကာကွယ်ရန်၊ ကမ္ဘာ့ တည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရန် အတူ ကြိုးပမ်း ဆောင်ရွက်သွားလိုကြောင်း ရေးသားထားသည်။ (Xinhua)