Connect with us

COVID-19 UPDATES

မြန်မာနိုင်ငံတွင် COVID-19 တတိယလှိုင်း အရှိန်ကောင်းသည့်အဆင့်တွင် ရောက်ရှိနေကြောင်းဆို

ရန်ကုန်မြို့တွင် COVID-19 ကာကွယ်ဆေးထိုးရန် စာရင်းပေးသွင်းနေသည့်အမျိုးသားတစ်ဦးအား ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ မေလ ၂၇ ရက်တွင် စတင်ခဲ့သည့် COVID-19 တတိယလှိုင်းသည် လက်ရှိတွင် ပိုးတွေ့ရှိမှုနှုန်း တရိပ်ရိပ်နှင့်မြင့်တက်လျက်ရှိပြီး အရှိန်အဟုန်ကောင်းသည့်အဆင့်တွင်ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ယနေ့ ပြောကြားသည်။

“၂၀၂၁ ခုနှစ် မေ ၂၇ ရက် ကတော့ တတိယလှိုင်းအစပျိုးတယ်လို့ သတ်မှတ်တယ်။ အဲဒီမတိုင်ခင်က ပိုးတွေ့နှုန်းတွေက တစ်ရာခိုင်နှုန်းအောက်ကျတာတွေရှိတယ်။ မေလ ၂၇ ရက်မှာတော့ ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ အစုအလိုက်အပြုံလိုက်တွေ့ခဲ့တယ်။ နောက်ရက်မှာပဲ တမူးမှာ တွေ့တယ်။ တစ်ဖက်ကနေစိမ့်ဝင်လာတဲ့ သဘောပေ့ါ။ အစုလိုက်အပြုံလိုက် ကူးစက်ခံရတာတွေ့လို့ အဲဒါကို ကျွန်တော်တို့က တတိယလှိုင်းရဲ့အစလို့ သတ်မှတ်ထားပါတယ်’’ ဟု ဒေါက်တာသန်းနိုင်စိုးကပြောသည်။

မြန်မာနိုင်ငံတွင် COVID-19 ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုအား ဇွန် ၃ ရက်၌ ကလေးမြို့တွင် ၁ ဦး၊ မြိတ်မြို့တွင် ၃ ဦး၊ မန္တလေးမြို့တွင် ၄ ဦး၊ တမူးမြို့တွင် ၂ ဦးနှင့် ရန်ကုန်မြို့တွင် ၁ ဦး စုစုပေါင်း ၁၁ ဦး တွင်တွေ့ရှိခဲ့ကြောင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းနှင့် ဗီဇပြောင်းဗိုင်းရပ်စ်များ ဖြစ်သည့် Alpha ဗိုင်းရပ်စ်၊ Delta ဗိုင်းရပ်စ် နှင့် Kappa ဗိုင်းရပ်စ်များအားတွေ့ရှိခဲ့ကြောင်း ဒေါက်တာသန်းနိုင်စိုးကဆိုသည်။

“တတိယလှိုင်းရဲ့ အရှိန်အဟုန်က ရောဂါကူးစက်ပြန့်ပွားတဲ့ ကွင်းဆက်ပြတ်တောက်မှ ဦးကျိုးပြီး ပြန်ဆင်းမှာဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ နေ့စဉ် ရှင်သန်နေရတဲ့အချိန်မှာ COVID-19 ကို စိတ်ထဲမှာ ထည့်ထားပြီး ရှောင်ရန်၊ ဆောင်ရန်တွေကို တိတိကျကျလိုက်နာဖို့ လိုပါတယ်။’’ဟု ၎င်းကဆက်ပြောသည်။

လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်တားဆီးရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆိုသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် ပုဂ္ဂလိက ဆေးဝါးလုပ်ငန်းရှင်များအား နိုင်ငံတကာနှင့် အာရှဒေသတွင်း ထိုးနှံဆောင်ရွက်နေသော အရည်အသွေးအာနိသင်ရှိပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် COVID-19 ကာကွယ်ဆေးများကို မိမိတို့အစီအစဉ်ဖြင့် တင်သွင်းဖြန့်ဖြူးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်လိုပါက သတ်မှတ်အထောက်အထားများဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ လျှောက်ထားနိုင်ပါကြောင်း အသိပေးကြေညာချက်အား ဇွန် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၌ ဇူလိုင် ၁ ရက် အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၅၉,၃၄၇) ဦးရှိကာ ဆေးရုံမှ ဆင်းခွင့်ရရှိသူစုစုပေါင်း (၁၃၆,၉၉၂) ဦး ရှိပြီး COVID-19 ရောဂါဖြင့် သေဆုံးသူစုစုပေါင်း (၃,၃၄၇) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)