Connect with us

Education & Health

မြန်မာနိုင်ငံ၌ ဆေးလိပ် နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု မှတဆင့် ဖြစ်ပွားသော ရောဂါများကြောင့် နှစ်စဉ် လူဦးရေ ၆ သောင်းကျော် အသက် ဆုံးရှုံး

ဆေးလိပ်နှင့်ဆေးရွက်ကြီး ထိန်းချုပ်ရေး လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံမှု ပြုလုပ်ခြင်း ဆိုင်ရာ သုတေသန တွေ့ရှိချက် အစီရင်ခံစာ ရှင်းလင်း တင်ပြမှု အခမ်းအနားအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် နှစ်စဉ်လူဦးရေ ၆၄,၀၀၀ ခန့်သည် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု မှတဆင့် ဖြစ်ပွားသောရောဂါများကြောင့် အသက် ဆုံးရှုံးနေရကြောင်း ဆေးလိပ်နှင့်ဆေးရွက်ကြီး ထိန်းချုပ်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဆိုင်ရာ သုတေသန တွေ့ရှိချက် အစီရင်ခံစာ ရှင်းလင်း တင်ပြမှုအရ သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်း (Framework Convention on Tobacco Control – FCTC) အရ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထိန်းချုပ်ရေး လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံမှု ပြုလုပ်ခြင်း ဆိုင်ရာ သုတေသန တွေ့ရှိချက် အစီရင်ခံစာ ရှင်းလင်း တင်ပြခြင်းအား ဒီဇင်ဘာ ၁၁ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုကြောင့် မြန်မာနိုင်ငံတွင် နှစ်စဉ် ကျပ်သန်းပေါင်း(၂.၆)ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ) ဆုံးရှုံးနေပြီး၊ ထိုပမာဏသည် တိုင်းပြည်၏ အသားတင်ထုတ်ကုန်တန်ဖိုး၏ (၃.၃%)နှင့် ညီမျှကြောင်း သိရသည်။

ယခုအချိန်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေး လုပ်ငန်းများ၌ မြန်မာငွေတစ်ကျပ် ရင်းနှီး မြှုပ်နှံပါကလာမည့် (၂၀၃၃)ခုနှစ်တွင် မြန်မာငွေ (၂၂၅) ကျပ်ကို အကျိုးအမြတ်အဖြစ် ပြန်လည် ရရှိမည် ဖြစ်ကြောင်း ၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးကို အမှတ်အသားနှင့်တံဆိပ် မပါရှိဘဲ ထုပ်ပိုးခြင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးနှင့် စပ်လျဉ်း၍ ကြော်ငြာခြင်းနှင့် အားပေးထောက် ခံခြင်းအမျိုးမျိုးကို ပိတ်ပင်တားမြစ်ခြင်း ၊ အများပြည်သူ ဆိုင်ရာနေရာနှင့် အခန်းတွင်း ဆေးလိပ်သောက် သုံးခြင်းများကို တားမြစ်ခြင်း၊ အခွန်တိုးမြှင့်ကောက်ခံခြင်းနှင့် သတင်းမီဒီယာ အမျိုးမျိုးကို အသုံးပြု စီမံချက်အသွင်ဖြင့် အသိပေး လှုပ်ရှားမှုပြုလုပ်ခြင်းစသည့် ဗဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကို ဆောင်ရွက် သင့်ကြောင်း ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

ထိုသုတေသနကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်း များဖြစ်ကြသည့် WHO-FCTC, UNDP, WHO နှင့် RTI International တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့်အား ကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက သုတေသန တွေ့ရှိချက် အစီရင်ခံစာ တွင်ပါရှိသော အကြံပြုချက်များအတိုင်း ကျန်းမာရေးနှင့်အား ကစား ဝန်ကြီးဌာနအနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက် ပစ္စည်းများ အခွန်တိုးမြှင့် ကောက်ခံရေး အတွက် အစိုးရအဖွဲ့နှင့် လွှတ်တော်အသီးသီးသို့ အသိပေးတင်ပြကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်သူများတွင် ကျန်းမာရေး အသိပညာ ကြွယ်ဝပါက ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ၏ အန္တရာယ် ကြီးမားမှုကို သိရှိ ရှောင်ကြဉ်နိုင်မည်ဖြစ်သဖြင့် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက် ပစ္စည်းထိန်းချုပ်ခြင်း အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း(WHO FCTC)မှချမှတ်ထားသောမူဝါဒများနှင့် တပြေးညီ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.