Connect with us

Environment, Disasters & Accidents

ရန်ကုန်ရေကြီးရေလျှံမှု တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံချက်များရေးဆွဲ၍ ဖြေရှင်းဆောင်ရွက်သွားမည်

မြောင်းဖော်ခြင်းအားဆောင်ရွက်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- ကြေးမုံ)

ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးတွင်းကာလများ၌ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသော ရေကြီးရေလျှံဖြစ်ပွားနေမှုကို ပြေလည်စေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စီမံချက်များရေးဆွဲ၍ ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်နိုင်ရန် ကမ္ဘာ့ဘဏ်မှ သဘောတူညီမှုရရှိထားပြီးဖြစ်သည့် ချေးငွေ အမေရိကန်ဒေါ်လာ ၁၂၅ သန်းအနက်မှ သန်းတစ်ရာဖြင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လေ့ရှိသည့် မြောင်းများကို လာမည့်ပွင့်လင်း ရာသီတွင် ပြင်ဆင်နိုင်ရန် စီမံချက်ရေးဆွဲထား ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ သိရသည်။

ရန်ကုန်မြို့တွင်းဧရိယာများတွင် မိုးတွင်းကာလ၌ ရေကြီးရေလျှံမှုဖြစ်ပေါ်လေ့ရှိသော နေရာများကို သက်ဆိုင်ရာက ရေစီးရေလာ ကောင်းမွန်စေရန် စီမံချက်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ရေစီးရေလာကောင်းမွန် ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာလုပ်ဆောင်နိုင်ရန် ဆက်စပ်မြို့နယ်များအလိုက် ရေမြောင်း ချိတ်ဆက်မှုစနစ်များကို ပညာရှင်များဖြင့်အသေးစိတ်ရေးဆွဲလျက်ရှိရာ မြို့တွင်း ခြောက်မြို့နယ်အတွက် ရေးဆွဲပြီးသွားပြီဖြစ်ကြောင်း၊ ရေးဆွဲခဲ့သည့်အပေါ်မူတည်၍ ဦးစားပေးအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည့်အပိုင်းများအလိုက် ဆုံးဖြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံချက်နှင့်အတူ ပလက်ဖောင်းများကို ပြုပြင်သွားရန်စီစဉ်ထားသည့်အပြင် ပလက်ဖောင်းများပေါ်တွင်ရှိသည့် ကားမှတ်တိုင်များကိုလည်း နိုင်ငံတကာအဆင့်မီ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကြီး ရေလျှံမှုများမဖြစ်ပေါ်စေရန် သက်ဆိုင်ရာက ရေထုတ်ပြွန်ပြုပြင်ခြင်း၊ မြစ်ထွက်ပေါက်ရေတံခါးများ၏ လိုအပ်ချက်များကို တည်ဆောက် ချဲ့ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းရှင်းလင်းခြင်းနှင့် အသစ်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော်လည်း နာရီပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ဒီရေတက်ပါက တချို့မြို့နယ်များတွင် ရေကြီးရေလျှံ မှုများကိုကြုံတွေ့နေရကြောင်း သိရသည်။

ရန်ကုန်မြို့၏ ရေစီးရေလာစနစ်အနေဖြင့် မြစ်ထွက်ပေါက်များ၊ ချောင်းများမှတစ်ဆင့် လှိုင်မြစ်အတွင်း စီးဝင်လျက်ရှိသည့် အဓိက ချောင်း ၂၂ ချောင်း၊ ပဲခူးမြစ်အတွင်းသို့ စီးဝင်သည့် အဓိကချောင်း ရှစ်ချောင်း၊ ငမိုးရိပ်ချောင်းအတွင်း စီးဝင်သည့် အဓိကချောင်း ၂ဝ နှင့် ပုဇွန်တောင်ချောင်းအတွင်းသို့ စီးဝင်သည့် ချောင်းတစ်ချောင်းရှိသည့်အပြင် မြို့တွင်း ခြောက်မြို့နယ်နှင့် အလုံ၊ ဗဟန်းမြို့နယ်တို့ အနေဖြင့် မြစ်ထွက်ပေါက် ၄၂ ပေါက်တို့မှတစ်ဆင့် ရန်ကုန်မြစ်ထဲသို့ စီးဝင်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်မြို့၏ ရေထွက်ပေါက်များဖြစ်သော မြစ်ထွက်ပေါက်ထဲသို့ စီးဝင်လျက်ရှိသည့် ချောင်းကြီး၊ မြောင်းကြီးများ၊ မြစ်ထွက် ပေါက်များနှင့် ရေတံခါးများ၌ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရှင်းလင်းခြင်းလုပ်ငန်းများကို နှစ်စဉ်မိုးမကျမီကာလမှစတင်၍ ဆောင်ရွက်လျက်ရှိပြီး တချို့မြို့နယ်များ၌ ရေကြီးရေလျှံမှုဖြစ်ပေါ်ရခြင်းမှာ မြို့ပြဖွံ့ဖြိုးတိုးတက်လာမှုကြောင့် အဆောက်အအုံများပြားလာခြင်းနှင့်အတူ ရေစိမ့်ဝင်မှုဧရိယာ နည်းပါးသွားခြင်းကြောင့်လည်းကောင်း၊ ရေဆင်းမြောင်းများအတွင်း အမှိုက်များပိတ်ဆို့နေခြင်း ကြောင့်လည်းကောင်း၊ ရေထိန်းပေးသည့် ရေစုကန်များ နည်းပါးသွားခြင်းကြောင့် လည်းကောင်း၊ နာရီပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ဒီရေတက်ခြင်းကြောင့် လည်းကောင်း ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

ရန်ကုန်မြို့သည် ရန်ကုန်မြစ်နှင့် ငမိုးရိပ် ချောင်းရိုး နှစ်ခု၏ကြားတွင် ဆက်စပ်တည်ရှိ နေသည့်မြို့ဖြစ်သည့်အတွက် ရန်ကုန်မြစ်ရေနှင့် ငမိုးရိပ်ချောင်းရိုးတစ်လျှောက် ရေကြီးရေလျှံမှုများကိုထိန်းနိုင်ရန် ဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း ငမိုးရိပ် ချောင်းရိုးကို ထိန်းနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန်မြစ်အတွင်းသို့ ဧရာဝတီမြစ်ကြောင်းဘက်မှ ရေဝင်နေသည့် ရေဝင်ပေါက် သုံးပေါက်ခန့်ရှိပြီး ဝင်လာသည့် ရေအားလုံးသည် တိုက်ကြီး၊ အဖျောက်ဘက်မှနေ၍ ရန်ကုန်-လှိုင်မြစ်ထဲသို့ စီးဝင်နေခြင်း ဖြစ်ကြောင်း၊ အဆိုပါ ရေဝင်ပေါက်များကို ပိတ်လိုက်ပါက ဧရာဝတီမြစ်ရေကြီးမှုကိုပိုပြီး မြှင့်တင်လိုက်သကဲ့သို့ဖြစ်သွားနိုင်သဖြင့် ဒီရေ ဝင်လာမှုအခြေအနေကို လက်ခံနေရခြင်းဖြစ်ပြီး ယင်းအခြေအနေများအားလုံးကို ယခုနှစ်တွင် ထိန်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြီးခဲ့သည့်တစ်နှစ်တာအတွင်း ဆောင်ရွက်ချက်များတွင် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ချက်အနေဖြင့် လမ်းဘေးမြောင်း ၁၈ဝ၆ ခု၊ အရှည် ၆၇၂၁၉၅ ပေခန့်ကို ရှင်းလင်းဆောင်ရွက်ခဲ့သည့်အပြင် ရေထုတ် ပြွန်များချဲ့ထွင်ပေးခြင်း၊ အသစ်တည်ဆောက် ပေးခြင်း၊ အုတ်ရေမြောင်းအသစ်များ တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ထု့ိအပြင် ချောင်းကြီး၊ မြောင်းကြီးများ ရှင်းလင်းခြင်းအနေဖြင့် တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံ မြို့သစ်(တောင်ပိုင်း) ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ အလုံ၊ ကြည့်မြင်တိုင်၊ ဗဟန်း၊ ရန်ကင်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဗိုလ်တထောင်၊ သာကေတ၊ ဒေါပုံ၊ ကမာရွတ်၊ လှိုင်၊ မရမ်း ကုန်း၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ မြို့နယ်များအတွင်းရှိ ချောင်းနှင့် မြောင်းများ ကို စက်ယန္တရား၊ လူအင်အားတို့ဖြင့် ရှင်းလင်း ပေးခဲ့သည့်အပြင် လက်ရှိကာလတွင်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.