Connect with us

International Organizations

၂၀၁၆ ခုနှစ် နိုင်ငံတကာ ထူးခြားဖြစ်ရပ်များ

၂၀၁၆ ခုနှစ် အထင်ကရ ဖြစ်ရပ်များအား ပုံနှင့်တကွ စုစည်းဖော်ပြထားပုံ (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ်အတွင်း နိုင်ငံတကာ၌ အထင်ကရ ဖြစ်ခဲ့သည့် ထူးခြား ဖြစ်ရပ်များထဲမှ အချို့အား ကောက်နှုတ်ကာ စုစည်းဖော်ပြလိုက်ပါသည်။

(၁) ဖိလစ်ပိုင်သမ္မတဒူတာတေး နှင့် နိုင်ငံတကာဆက်ဆံရေး

ဖိလစ်ပိုင်နိုင်ငံ၌ ၂ဝ၁၆ ခုနှစ် မေလ ၁ဝ ရက်က ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင် Davao မြို့တော်ဝန် ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) က အနိုင်ရရှိပြီး နိုင်ငံ၏ ၁၆ ယောက်သမ္မတဖြစ်လာသည်။ ဒူတာတေးသည် သမ္မတဖြစ်လာပြီးနောက် နိုင်ငံတွင်း၌ မူးယစ်ဆေးဝါးနှိမ်နှင်းရေးကိစ္စကို ပြင်းပြင်းထန်ထန်လုပ်ဆောင်ခဲ့သဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးအပါအဝင် နိုင်ငံကြီး တစ်ချို့၏ ဝေဖန်ပြစ်တင်ခြင်း ခံခဲ့ရသည်။ သို့သော် ဒူတာတေးက ဝေဖန်မှုများကို လက်မခံဘဲ နိုင်ငံတွင် မူးယစ်ဆေးဝါးကို အမြစ်ပြတ်သည်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ထို့ပြင် ဖိလစ်ပိုင်နိုင်ငံ၏ ပြည်တွင်းရေးကို အမေရိကန်နိုင်ငံက ကာလရှည် ဝင်ရောက်စွက်ဖက်နေခြင်းကို ဒူတာတေးက ပြစ်တင်ပြောဆိုလိုက်ပြီး ၎င်းအနေဖြင့် အမေရိကန်နိုင်ငံကို ဖယ်ခွာ၍ တရုတ် နှင့် ရုရှားနိုင်ငံတို့နှင့်သာ မဟာမိတ်ဖွဲ့ဆက်ဆံသွားမည်ဖြစ်ကြောင်း ၊ တောင်တရုတ်ပင်လယ်အငြင်းပွားမှုအပေါ် ယာယီခုံရုံး၏ ဆုံးဖြတ်ချက်ဖြင့်သာ ပြဿနာပိုမိုကြီးထွားလာအောင် မပြုလုပ်ဘဲ “ အကောင်းဆုံးကိုင်တွယ်ဖြေရှင်းသွားမည်” ဖြစ်ကြောင်း အတိအလင်းထုတ်ဖော်ကြေညာခဲ့သည်။

(၂) ဥရောပသမဂ္ဂတွင် ဗြိတိန်နိုင်ငံ ဆက်နေရေး မနေရေး လူထုဆန္ဒခံယူပွဲ

ဥရောပသမဂ္ဂ (European Union) တွင် ဗြိတိန် ဆက်နေရေး၊ မနေရေး (BREXIT) အတွက် သမိုင်းဝင် ဆန္ဒခံယူပွဲအား ဇွန်လ ၂၃ ရက်တွင် ပြုလုပ်ခဲ့ရာ ထွက်ခွာမည့်ဘက်မှ မဲဆန္ဒ ၅၂-၄၈ ရာခိုင်နှုန်း ဖြင့် အနိုင်ရရှိခဲ့သည်။ အဖွဲ့ဝင် ၂၈ နိုင်ငံရှိသော ဥရောပသမဂ္ဂနှင့် ၄၃ နှစ်ကြာ ဆက်ဆံရေးမှ ဗြိတိန် ခွဲထွက်ခဲ့သည်။

အီးယူမှ ဗြိတိန် ထွက်ခွာမည့်ဘက်မှ အနိုင်ရရှိခဲ့ပြီးနောက် အီးယူအတွင်း ဆက်နေမည့်ဘက်မှ ထောက်ခံခဲ့သည့် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း (David Cameron) က ဇွန်လ ၂၄ ရက်တွင် ရာထူးမှ နုတ်ထွက်မည် ဖြစ်ကြောင်း ကြေညာလိုက်သည်။

ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြည်ထဲရေး ဝန်ကြီး ထရီဆာမေ (Tresa May) သည် ဗြိတိန်နိုင်ငံ၏ ၁၃ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

(၃) Nice မြို့အကြမ်းဖက်ခံရခြင်းနှင့် ပြင်သစ်နိုင်ငံ၏ကံကြမ္မာ

၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၁၄ ရက် နံနက်အစောပိုင်းက ပြင်သစ်နိုင်ငံ Nice မြို့သည် အကြမ်းဖက်တိုက်ခိုက်မှုခံခဲ့ရသည်။၎င်းမြို့ထဲ၌ ပြင်သစ်အမျိုးသားနေ့ကျင်းပနေစဉ် အကြမ်းဖက်သမားတစ်ဦးသည် ကုန်တင်ကား တစ်စင်းမောင်းနှင်ကာ အခမ်းအနားတက်ရောက်လာသော လူအုပ်ကြီးထဲသို့ အရှိန်ဖြင့် မောင်းသွင်းပြီး အကြမ်းဖက်မှု ကျူးလွန်ခဲ့ခြင်းဖြစ်သည်။အဆိုပါတိုက်ခိုက်မှုကြောင့် လူပေါင်း ၈ဝ ဦးသေဆုံးခဲ့ရပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။ ဥရောပကောင်စီ ဥက္ကဋ္ဌ Donald Tusk က Nice အကြမ်းဖက်တိုက်ခိုက်ခံရမှုသည် ဥရောပ နှင့် ပြင်သစ်နိုင်ငံအတွက် ဝမ်းနည်းစရာကောင်းသော နေ့တစ်နေ့ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ပြင်သစ်နိုင်ငံသမ္မတ ဖရန်ကိုစ့်ဟော်လန်က တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အကြမ်းဖက်ဝါဒီ သဘောလက္ခဏာဖြစ်သည်မှာ ငြင်းဆိုနိုင်စရာ မရှိကြောင်း ပြစ်တင်ပြောကြားခဲ့သည်။

(၄) ရုရှားသံအမတ်လုပ်ကြံခံရခြင်း နှင့် ရုရှား-တူရကီ ဆက်ဆံရေး

တူရကီနိုင်ငံတွင် ဇူလိုင်လ ၁၅ ရက် ညနှောင်းပိုင်းက သမ္မတ ရီဆပ် တေရစ်ပ် အာဒိုဂန် (Recep Tayyip Erdogan) အား ဖြုတ်ချရန် ရည်ရွယ်ကာ စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည်။ ထို အာဏာသိမ်းမှုမှာ အောင်မြင်ခဲ့ခြင်း မရှိဘဲ ကြံစည်မှုတွင် ပါဝင်ကြောင်း သံသယရှိသူ စစ်ဘက် အရပ်ဘက် အရာရှိ၊ ဝန်ထမ်းများအား တာဝန်မှ ရပ်စဲခြင်း ခံခဲ့ရသည်။

ယင်း အာဏာသိမ်းမှုအား နောက်ကွယ်မှ ကြိုးကိုင်သူအဖြစ် အမေရိကန်နိုင်ငံတွင် နေထိုင်သည့် အစ္စလာမ်မစ် ဘာသာရေး ခေါင်းဆောင် ဖာသူလန် ဂူလန် (Fethullah Gulen) အား တူရကီ အစိုးရက စွပ်စွဲထားသည်။ ၎င်းအား လွှဲပြောင်းပေးရန် တူရကီက တောင်းဆိုထားသော်လည်း အမေရိကန်ဘက်က တုံ့ပြန်မှု တစ်စုံတစ်ရာ မပြုထားပေ။

ဆီးရီးယား အရေးနှင့် ပတ်သက်၍ ရုရှား တိုက်လေယာဉ် ပစ်ချခံရခြင်းအပေါ် တူရကီက ဝမ်းနည်းကြောင်း ပြောကြားလိုက်ပြီး ရုရှားနှင့် တူရကီ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာခဲ့သလို တစ်ဘက်တွင်လည်း တူရကီနှင့် အမေရိကန်ကြား ဆက်ဆံရေး တင်းမာလာခဲ့သည်။ တစ်ချိန်တည်းမှာပင် တူရကီနိုင်ငံဆိုင်ရာ ရုရှား သံအမတ်လည်း အင်ကာရာမြို့တွင် လုပ်ကြံခံခဲ့ရသည်။သို့ရာတွင် ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က အဆိုပါလုပ်ကြံခံရမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမည်မဟုတ်ကြောင်းနှင့် လုပ်ကြံမှု၏ လက်သည် တရားခံ ဖြစ်သော အိုင်အက်စ်အဖွဲ့ကို အပြီးတိုင်ချေမှုန်းသွားမည်ဟု ပြောခဲ့သည်။

(၅) လူပေါင်း ၂၅ဝ ကျော်သေဆုံးခဲ့ရသည့် အီတလီငလျင်

အီတလီနိုင်ငံ အလယ်ပိုင်းတွင် ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ ၂၅ဝ ဦး နှင့် ဒဏ်ရာရရှိသူပေါင်း အနည်းဆုံး ၃၆၈ ဦးထိရှိခဲ့သည်။သြဂုတ်လ ၂၄ ရက် နံနက် ၃း၃၆ နာရီက Rieti ပြည်နယ် Rieti မြို့အနီး၌ အနက် ၄.၂ ကီလိုမီတာတွင် ဗဟိုပြုကာ ပြင်းအား ၆.၂ အင်အားရှိ ငလျင် လှုပ်ခတ်ခဲ့ခြင်းကြောင့် Rieti ပြည်နယ်၏ မြို့ငယ် နှစ်မြို့ဖြစ်သည့် Amatrice နှင့် Accumuli မြို့များက အဆိုးဝါး ဆုံး ထိခိုက်ပျက်စီးခဲ့ရသည်။ကနဦး ငလျင် လှုပ်ခတ်ပြီး နောက် ၁၂ နာရီအတွင်း နောက်ဆက်တွဲ ငလျင်ပေါင်း ၁၅၀ ခန့် လှုပ်ခတ်ခဲ့ကြောင်း INGV က ဖော်ပြခဲ့သည်။ငလျင်ဒဏ်ခံစားခဲ့ရသည့် Pescara del Tronto မြို့တွင် အသက် ၁၀ နှစ်အရွယ် မိန်းကလေး တစ်ဦးအား ငလျင်လှုပ်ခတ်ပြီး ၁၇ နာရီကြာမှ အပျက်အစီးများအကြားထဲမှ ကယ်တင်နိုင်ခဲ့သည့် ဖြစ်ရပ်သည် မီဒီယာများ၏ မျက်နှာဖုံး သတင်းတစ်ခုဖြစ်ခဲ့သည်။

(၆) SDR ငွေကြေးစနစ်အတွင်းသို့ ဝင်ရောက်လာသည့် တရုတ်ယွမ်ငွေ

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF) က တရုတ်ယွမ်ငွေ ပါဝင်လာသည့် အထူးထုတ်ယူမှု အခွင့်အရေး (SDR) ငွေကြေးစနစ်သစ် စတင်ဆောင်ရွက်ခြင်း အား စက်တင်ဘာ ၃၀ တွင် ကြေညာခဲ့သည်။ ယင်းစနစ်သည် အောက်တိုဘာ ၁ရက်တွင် အကျိုးသက်ရောက်မှုရှိလာခဲ့ပြီးနောက် တရုတ်ယွမ်ငွေသည် SDR စနစ်အတွင်း ရှိ ငါးခုမြောက်ငွေကြေးစနစ်ဖြစ်လာခဲ့သည်။ SDR ငွေကြေးစနစ်၌ တရုတ်ယွမ်ငွေ ပါဝင်လာခြင်းသည် တရုတ်ယွမ်ငွေအား နိုင်ငံတကာတွင် လက်ခံသုံးစွဲလာမှု၏ မှတ်တိုင်တစ်ခုဖြစ်ပြီး ငွေကြေးပြုပြင်ပြောင်းလဲလာမှု၊ ဈေးကွက်ဖွင့်လှစ်နိုင်မှု နှင့် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများတွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများအား ကိုယ်စားပြုခြင်းပင်ဖြစ်သည်။

(၇) နန်းသက်အရှည်ကြာဆုံး ထိုင်းဘုရင် နတ်ရွာစံခြင်းနှင့် ပြည်သူတို့၏ ကံကြမ္မာ

သက်တော် ၈၈နှစ်ရှိပြီဖြစ်သည့် ထိုင်းဘုရင် ဘူမိဘောလ် အဒူလျာဒတ် (Bhumibol Adulyadej) သည် နှစ်၇၀ကြာ ထီးနန်းစိုးစံပြီးနောက် အောက်တိုဘာ ၁၃ရက်တွင် ကံတော်ကုန်ခဲ့သည်။ ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား မဟာ ဗာဂျီရယ် လောင်ကွန်း (Maha Vajirallongkorn) အား ထိုင်းဘုရင် ဘူမိဘောလ် ၏ ထီးနန်းအရိုက်အရာကို ဆက်ခံရန် ဥပဒေပြု လွှတ်တော် (NLA) က နိုဝင်ဘာလ ၂၉ ရက်က ဖိတ်ကြားခဲ့ပြီးနောက် ဒီဇင်ဘာ ၁ရက်တွင် နှစ်ပေါင်း ၂၃၄ နှစ်ရှိပြီဖြစ်သော ချာခရီ မင်းဆက်၏ ၁၀ ဆက်မြောက် ရာမဘုရင် (Rama X) ဖြစ်လာခဲ့သည်။

(၈) ဒေါ်နယ်ထရမ့် မထင်မှတ်ဘဲ အနိုင်ရခဲ့သော အမေရိကန် သမ္မတရွေးကောက်ပွဲ

အမေရိကန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲအား နိုဝင်ဘာလ ၈ ရက်တွင် ပြုလုပ်ခဲ့ရာ အဓိက ပြိုင်ဘက် နှစ်ဦး ဖြစ်သည့် ရီပက်ဘလစ်ကန် ပါတီမှ သမ္မတလောင်း ဒေါ်နယ်ထရမ့် (Donald Trump) က ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန် (Hillary Clinton) ကို အနိုင်ရရှိပြီး အမေရိကန်၏ ၄၅ ဆက်မြောက် သမ္မတ ဖြစ်လာခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲ ရလဒ်သည် အများကို အံ့အားသင့်စရာ ဖြစ်ခဲ့ပြီး ဟီလာရီ ကလင်တန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က အသုံးပြုခဲ့သည့် အီးမေးလ်များမှ အစိုးရ သတင်း အချက်အလက်များအား ပေါက်ကြားစေခဲ့သည်ဟူသော အချက်က ဟီလာရီအပေါ် များစွာ သက်ရောက်မှု ရှိစေခဲ့ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။

(၉) ခင်မင်ရင်းနှီးသည့် ငယ်သူငယ်ချင်းကြောင့် ရာထူးမှ ဆင်းလိုက်ရသော တောင်ကိုးရီးယားသမ္မတ

၂၀၁၆ခုနှစ် အောက်တိုဘာလ တွင် တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေး နှင့် ၎င်း၏အကြံပေးပုဂ္ဂိုလ် Choi Soon-sil တို့၏ အရှုပ်တော်ပုံများ စတင်ပေါက်ကြားလာခဲ့ပြီးနောက် နိုဝင်ဘာ ၁၂ရက်တွင် တောင်ကိုရီးယားနိုင်ငံသား တစ်သန်းကျော်ခန့် Gwanghwamun ရင်ပြင်၌ စုဝေးကာ တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေး ရာထူးမှ နုတ်ထွက်ရန် ဆန္ဒပြတောင်းဆိုမှုများ ရှိလာခဲ့သည်။ နိုဝင်ဘာ ၂၉ရက်တွင် သမ္မတ က သမ္မတရာထူးစွန့်လွှတ်ခြင်းအပါအဝင် လွှတ်တော်၏ ဆုံးဖြတ်ချက်မှန်သမျှကို ၎င်းအနေဖြင့် လိုက်နာသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ပတ်ဂွမ်ဟေးအား စွပ်စွဲပြစ်တင်ရန် တောင်ကိုးရီးယားလွှတ်တော်က ဒီဇင်ဘာ ၉ ရက်တွင် မဲခွဲဆုံးဖြတ်ရာ ကိုယ်စားလှယ် သုံးပုံ နှစ်ပုံက

ထောက်ခံမဲပေးခဲ့သည်။ မဲရလဒ်စာရင်းစာရွက်ကို လက်ခံပြီးနောက်တွင် သမ္မတပတ်ဂွမ်းဟေး သည် ရာထူးတာဝန်အားလုံးမှ ချက်ချင်းစွန့်လွှတ်ကာ တောင်ကိုးရီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အမှုကို စစ်ဆေးနေစဉ် ရက်ပေါင်း ၁၈ဝ ကာလအတွင်း တောင်ကိုးရီးယားနိုင်ငံဝန်ကြီးချုပ် Hwang Kyo-ahn က ယာယီသမ္မတအဖြစ် တာဝန်ယူလုပ်ဆောင်မည်ဖြစ်သည်။

(၁၀) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်သစ်က ကမ္ဘာ့အရေးကိုဖြေရှင်းနိုင်မလား

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်(သစ်) အဖြစ် ရွေးချယ်ခြင်းခံထားရသော အန်တိုနီယိုဂူတာရက်စ်( Antonio Guterres ) သည် ဒီဇင်ဘာလ ၁၂ ရက်က ၉ ယောက်မြောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် အထွေထွေညီလာခံ (UNGA) ၌ ကျမ်းကျိန်မှုပြုလုပ်ခဲ့သည်။ အဆိုပါ ကျမ်းကျိန်မှုကို ဒီဇင်ဘာလ ၁၂ ရက် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ပြီးခဲ့သော အောက်တိုဘာလ ၁၃ ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA)က ပေါ်တူဂီနိုင်ငံ ဝန်ကြီးချုပ်(ဟောင်း) အန်တိုနီယိုဂူတာရက်စ် အား ၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရာထူးမှ အနားယူတော့မည့် ဘန်ကီးမွန်၏ နေရာ၌ ဆက်ခံရန် ၉ ယောက်မြောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်တင် မြောက်ခဲ့ခြင်းဖြစ်သည်။ ဂူတာရက်စ်သည် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက် မှ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်ထိ ၅ နှစ်တာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အဖြစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ အသက် ၆၇ နှစ်အရွယ်ရှိ ဂူတာရက်စ်သည် ၂ဝဝ၅ ခုနှစ် ဇွန်လ မှ ဒီဇင်ဘာလ အထိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ယင်းမတိုင်မီက ၎င်းသည် ပေါ်တူဂီနိုင်ငံ၌ အစိုးရဝန်ထမ်းတစ်ဦးအဖြစ် နှစ်ပေါင်း ၂ဝ ကြာ အလုပ်လုပ်ကိုင်ခဲ့သည်။ ထို့ပြင် ၁၉၉၅ ခုနှစ် မှ ၂ဝဝ၂ ခုနှစ်အထိ ပေါ်တူဂီနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.