Connect with us

MYANMAR

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် COVID-19 ကူးစက်ရောဂါဆိုင်ရာ အာဆီယံအထူးထိပ်သီးအစည်းအဝေး နှင့် အာဆီယံအပေါင်းသုံး အထူးထိပ်သီး အစည်းအဝေးတို့သို့ Video conferencing စနစ်ဖြင့် တက်ရောက် ဆွေးနွေး 

ရန်ကုန် ၊ ဧပြီ ၁၄ ရက်(ဆင်ဟွာ)

COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် video conferencingစနစ်ဖြင့် ယနေ့ ဧပြီ ၁၄ ရက်တွင် ကျင်းပသည့် COVID-19 ကူးစက်ရောဂါဆိုင်ရာ အာဆီယံအထူးထိပ်သီး အစည်းအဝေးနှင့် COVID-19 ကူးစက်ရောဂါဆိုင်ရာ အာဆီယံအပေါင်းသုံး အထူးထိပ်သီးအစည်းအဝေး တို့သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

အာဆီယံအထူးထိပ်သီးအစည်းအဝေးနှင့် အာဆီယံအပေါင်းသုံး အထူးထိပ်သီး အစည်းအဝေးတို့တွင် နိုင်ငံ့ခေါင်းဆောင်များက COVID-19 ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးအတွက် မိမိတို့နိုင်ငံအလိုက် ဆောင်ရွက်နေကြသည့် အစီအမံများ၊ အတွေ့အကြုံများနှင့် အလေ့အကျင့်ကောင်းများကို ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။ 

ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် တာဝန်ရှိသူများအား တွေ့ရစဉ်(ဓာတ်ပုံ – Myanmar State Counsellor Office) 

အဆိုပါ အစည်းအဝေးများတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပါဝင်ဆွေးနွေးခဲ့ရာ၌ COVID-19ရောဂါကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးနှင့်ကုသရေးတို့တွင်မြန်မာအစိုးရက ဆောင်ရွက်နေသည့် အစီအမံများ၊ ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာမည့် ကျန်းမာရေး၊ လူမှုရေးနှင့်စီးပွားရေးဆိုင်ရာ ထိခိုက်နစ်နာမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အစိုးရအဖွဲ့တစ်ရပ်လုံး ပူးပေါင်းပါဝင်သည့် ချဉ်းကပ်မှုပုံစံဖြင့် တုံ့ပြန် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် အစိုးရအနေဖြင့် ပြည်သူ့အင်အားကို စုစည်းရယူ၍ပြည်သူများ၏ ပူးပေါင်းပါဝင်မှုရယူခြင်း နည်းလမ်းများဖြင့်ကြိုးပမ်းဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့၏အတွေ့အကြုံအရ P (၄) လုံးဖြစ်သည့် နိုင်ငံရေး ဦးဆောင်မှု (Political leadership) ၊ ကြိုတင်ကာကွယ်ရေး အစီအမံ (Preventive measures)၊ ပြည်သူ တစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှု (Peoples’ participation) နှင့် မိတ်ဖက်များ (Partners) ၏ကူညီပံ့ပိုးမှုတို့ကို အလေးထားဆောင်ရွက်ခြင်းသည် ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် လူမှု-စီးပွားထိခိုက်နစ်နာမှု လျော့ချရေးတို့အတွက် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံ၏ COVID-19ရောဂါ ကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးနှင့်ကုသရေးတို့တွင် အကူအညီပေးကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အပေါင်းသုံးနိုင်ငံများနှင့် အခြားမိတ်ဖက်နိုင်ငံများအားလုံးအပေါ်တွင် ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ကောင်း သိရသည်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကမ္ဘာ့ကူးစက်ရောဂါ၏ စိန်ခေါ်မှုများကိုရင်ဆိုင်ဖြေရှင်းကြရာတွင် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ရယူနိုင်သည့် အရင်းအမြစ်များနှင့် လက်ရှိပူးပေါင်းဆောင်ရွက်မှု ယန္တရားများကို အပြည့်အဝ အသုံးချရေး၊ အဖွဲ့ဝင်နိုင်ငံများရှိ ကျန်းမာရေးစနစ်များ၏ ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်မှုစွမ်းဆောင်ရည်များ တိုးတက်ခိုင်မာစေရေး၊ COVID-19ကြောင့်ဖြစ်ပေါ်လာမည့်လူမှု-စီးပွားဆိုင်ရာ ထိခိုက်နစ်နာမှုများကို လျော့နည်းသက်သာစေရန်အတွက် ပူးပေါင်း ဆောင်ရွက်ရေး၊ ပြည်သူများ၏ ကျန်းမာရေးနှင့် သာယာဝပြောရေးအတွက် အရေးကြီးသည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ မရှိမဖြစ် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်ရေး၊ အကျပ်အတည်းကာလတွင်ဒေသအတွင်းရှိ ရွှေ့ပြောင်း အလုပ်သမားများ၏ ကျန်းမာရေး၊ သာယာဝပြောရေးနှင့် ဘေးကင်းလုံခြုံစွာ သွားလာနေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံများက လုံလောက်သည့် အကူအညီများနှင့် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကူညီပံ့ပိုးပေးရေး၊ COVID-19 ဖြစ်ပွားနေသည့် ကာလတွင် ဒီဂျစ်တယ်စီးပွားရေးနှင့် ဒီဂျစ်တယ်ဘဏ္ဍာရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေး၊ COVID-19၏ စိန်ခေါ်မှုများရှိနေစေကာမူ အာဆီယံအသိုက်အဝန်း တည်ဆောက်ရေး ကြိုးပမ်းမှုကို ပိုမိုခိုင်မာစေရေး၊ စသည်တို့တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရန် လိုအပ်ကြောင်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အာဆီယံအထူးထိပ်သီးအစည်းအဝေးနှင့် အာဆီယံအပေါင်းသုံး အထူးထိပ်သီး အစည်းအဝေးတို့တွင် ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း ၊ အာဆီယံအထူးထိပ်သီးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ပြီး အာဆီယံအပေါင်းသုံး အထူးထိပ်သီး အစည်းအဝေးသို့ အာဆီယံ ခေါင်းဆောင်များနှင့် အပေါင်းသုံးနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊တောင်ကိုရီးယားနိုင်ငံများမှ ခေါင်းဆောင်များအပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

အာဆီယံအထူးထိပ်သီးအစည်းအဝေးတွင် COVID-19 ကူးစက်ရောဂါဆိုင်ရာ အာဆီယံအထူးထိပ်သီးအစည်းအဝေး၏ ကြေညာစာတမ်း (Declaration of the Special ASEAN Summit on Coronavirus Disease 2019) ကိုလည်းကောင်း၊ အာဆီယံအပေါင်းသုံး အထူးထိပ်သီးအစည်းအဝေးတွင် COVID-19 ကူးစက်ရောဂါဆိုင်ရာ အာဆီယံအပေါင်းသုံး အထူးထိပ်သီး အစည်းအဝေး၏ ပူးတွဲထုတ်ပြန်ချက် (Joint Statement of the Special ASEAN Plus Three (APT) Summit on Coronavirus Disease 2019) ကို လည်းကောင်းအသီးသီး အတည်ပြုထုတ်ပြန်ခဲ့သည်။

အာဆီယံအထူးထိပ်သီးအစည်းအဝေး၏ ကြေညာစာတမ်းတွင် အာဆီယံ ခေါင်းဆောင်များက COVID-19 ထိန်းချုပ်ရေးနှင့် ပြည်သူများကို အကာအကွယ်ပေးရေးအတွက် သတင်းအချက်အလက်များနှင့် တုံ့ပြန်ရေးအစီအမံများ အချိန်မီ ဖလှယ်ခြင်း ၊အတွေ့အကြုံနှင့် အလေ့အကျင့်ကောင်းများ မျှဝေခြင်း၊ စသည်တို့မှတစ်ဆင့် ပြည်သူ့ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု အစီအမံများ တိုးတက်ခိုင်မာစေရန်၊ ရောဂါစမ်းသပ် ကိရိယာများနှင့် အကာအကွယ်ပစ္စည်းများအပါအဝင် ဆေးဝါးများ၊ ဆေးဘက်ဆိုင်ရာ အရေးပေါ်ပစ္စည်းများနှင့် အသုံးအဆောင်များ ကူညီပံ့ပိုးရေးတွင်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်၊ အဖွဲ့ဝင်နိုင်ငံများနှင့် ဒေသ၏ ကူးစက်ရောဂါကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်မှုစွမ်းရည်ကို တိုးမြှင့်ရန်၊ COVID-19စုပေါင်းတိုက်ဖျက်ရာတွင် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံ (သို့မဟုတ်) တတိယနိုင်ငံတွင် ရောက်ရှိနေသော အာဆီယံနိုင်ငံသားများကို သင့်လျော်သည့် အကူအညီနှင့် အထောက်အပံ့များပေးအပ်သွားရန်၊ COVID-19 ကြောင့် ဖြစ်ပေါ်လာမည့် လူမှု-စီးပွားထိခိုက်နစ်နာမှုများကို လျော့ပါးသက်သာစေရန် အတွက် ပူးပေါင်းဆောင်ရွက်ရန်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အာဆီယံ၏ဈေးကွက်ကို ဖွင့်ထားပြီး၊ စားနပ်ရိက္ခာ၊ ကုန်ပစ္စည်း၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ မရှိမဖြစ်ပစ္စည်းများ သယ်ယူ ပို့ဆောင်နိုင်ရန်အတွက် ဒေသတွင်းထောက်ပံ့မှုလမ်းကြောင်း ထိန်းသိမ်း ထားရှိရေးကို ဆက်လက်ကတိပြုကြရန် ဆုံးဖြတ်ကြောင်း ဖော်ပြထားသည်။

အာဆီယံအပေါင်းသုံးအထူးထိပ်သီးအစည်းအဝေး၏ ပူးတွဲ ထုတ်ပြန်ချက်တွင် အာဆီယံအပေါင်းသုံး ခေါင်းဆောင်များက သတင်းအချက်အလက်များနှင့် တုံ့ပြန်မှုအစီအမံများအချိန်မီဖလှယ်ခြင်း ၊ အတွေ့အကြုံနှင့် အလေ့အကျင့်ကောင်းများမျှဝေခြင်းနှင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် နည်းပညာအကူအညီများ အပြန်အလှန် ပေးအပ်ခြင်းတို့ကိုတိုးတက်ခိုင်မာစေရန်၊ အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာ၏ ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်မှုစွမ်းဆောင်ရည် မြှင့်တင်ရန်၊ ကူးစက်ရောဂါနှင့်သက်ဆိုင်သည့် သုတေသနလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်မှုကို တိုးတက်ခိုင်မာစေရန်၊ ပြည်သူ့ကျန်းမာရေးကဏ္ဍ၏ စွမ်းရည်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံနှင့် အပေါင်းသုံး နိုင်ငံများအကြား အပြန်အလှန် အကူအညီပေးရေးကိုအားပေးရန် ၊ အခြားအဖွဲ့ဝင်နိုင်ငံများတွင်ရောက်ရှိနေသည့် အာဆီယံအပေါင်းသုံး အဖွဲ့ဝင်နိုင်ငံသားများကို သင့်လျော်သည့်အကူအညီနှင့် အထောက်အပံ့များ ပေးအပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ ဆုံးဖြတ်ကြောင်း ဖော်ပြထားသည်။

အဆိုပါထိပ်သီးအစည်းအဝေးများသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)