Connect with us

Australia / Oceania

ဝေလငါး အကောင် ၁၀၀ နီးပါး နယူးဇီလန်နိုင်ငံ ပင်လယ်ကမ်းခြေတွင် သောင်တင် သေဆုံး

နယူးဇီလန်နိုင်ငံ Chathamကျွန်းတွင် သောင်တင်သေဆုံးနေသော လမ်းကြောင်းပြ ဝေလငါးများအား နိုဝင်ဘာ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

လမ်းကြောင်းပြ ဝေလငါး အကောင် ၁၀၀ နီးပါး ယခုရက်ပိုင်းများတွင် နယူးဇီလန်နိုင်ငံ ၏ လူသူအရောက် အပေါက်နည်းသည့် အစွန်အဖျားပင်လယ်ကျွန်းကမ်းခြေတစ်ခု၌ အုပ်စုလိုက် သောင်တင်နေခဲ့ကြောင်း၊ ထိုဖြစ်ရပ်ကို နောက်ကျမှ တွေ့ရှိခဲ့သဖြင့် ဝေလငါးအများစုမှာ သေဆုံးသွားခဲ့ကြောင်း နယူးဇီလန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

တောင်ဘက်ကျွန်း အရှေ့ ၈၀၀ ကီလိုမီတာ အကွာရှိ Chathamကျွန်းတွင် ဝေလငါးများ အစုလိုက်အပြုံလိုက် သောင်တင်နေကြောင်း နိုဝင်ဘာ ၂၂ ရက်က သတင်းရရှိခဲ့သည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန DOC Biodiversity အရာရှိ Jemma Welchက ဆိုသည်။

နယူးဇီလန်နိုင်ငံ Chathamကျွန်းတွင် သောင်တင်သေဆုံးနေသော လမ်းကြောင်းပြ ဝေလငါးများအား နိုဝင်ဘာ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ Chathamကျွန်းတွင် သောင်တင်သေဆုံးနေသော လမ်းကြောင်းပြ ဝေလငါးများအား နိုဝင်ဘာ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
“နာရီအနည်းငယ်အကြာ ဝန်ထမ်းတွေ အဲဒီနေရာကိုရောက်‌တော့ ဝေလငါးအများစုက သေဆုံးနေတယ်။ ၂၆ ကောင်လောက်ကပဲ အသက်သေလုမျောပါးအနေအထား နဲ့ ကျန်နေတာကိုတွေ့ရတယ်”ဟု ၎င်းက ဆိုသည်။

ပင်လယ်ပြင် အခြေအနေဆိုးဝါးနေသည့် အဖြူရောင်ငါးမန်းကြီးများ၏ အမဲလိုက်အစာရှာနေမှုကြောင့် ထို အသက်ငွေ့ငွေ့သာကျန်ရစ်သော ဝေလငါးလေးများကို ပင်လယ်အတွင်းသို့ပြန်လွှတ်ပါက ငါးမန်းအစာကျွေးသလို ဖြစ်နိုင်ခြင်းကြောင့် ဝန်ထမ်းများက ကျန်ရှိသည့် ဝေလငါးများ၏အသက်ကို ညင်သာစွာနှင့်အဆုံးသတ်ပေးခဲ့ ကြောင်း ဆိုသည်။

Chathamကျွန်းလို ဖြစ်ရပ်မျိုးသည် တွေ့ရခဲသည့် ဖြစ်ရပ်မျိုးမဟုတ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက ဆိုသည်။ ယခင်မှတ်တမ်းများအရ ၁၉၁၈ ခုနှစ်တွင်လည်း ဝေလငါး အစုလိုက်အပြုံလိုက် သောင်တင်မှုဖြစ်ပွားခဲ့ရာ ဝေလငါး၊ လင်းပိုင်း စသည့် သတ္တဝါ အကောင် ၁,၀၀၀ ခန့် သေဆုံးခဲ့ရကြောင်း သိရသည်။

ဝေလငါး သောင်တင်ရခြင်း အကြောင်းအရင်းများတွင် ရောဂါဖြစ်ပွားခြင်း၊ အစာရှာနေသောငါးကြီးများကို ရှောင်ရှားခြင်း၊လမ်းကြောင်းပြမှားယွင်းခြင်း၊ဒီရေအကျမြန်ခြင်း၊ ပထဝီမြေအနေအထားနှင့်အစွန်းရောက်ရာသီဥတုတို့ပါဝင်သည်။ ယခုနှစ် စက်တင်ဘာလတွင် ဩစတြေးလျနိုင်ငံတောင်ဘက် တက်စမေးနီးယားကျွန်း Macquarieဆိပ်ကမ်းတွင် ဆူးတောင်ရှည် ပိုင်းလော့ လမ်းကြောင်းပြ ဝေလငါး (Globicephala melas) အကောင် ၄၇၀ ခန့် သောင်တင်ခဲ့ရာ ၎င်းတို့အနက် ၁၀၀ ခန့် ကိုသာ အသက်ပြန်လည်ကယ်ဆယ်နိုင်ကြောင်း သိရသည်။ (Xinhua)