Connect with us

International Organizations

အီးယူမှ ဗြိတိန် မထွက်ခွာရေးအတွက် သဘောတူညီမှု အီးယူ ထိပ်သီး အစည်းအဝေးတွင် ဆွေးနွေးမည်

အီးယူ ထိပ်သီး အစည်းအဝေး တက်ရောက်ရန် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ဘရပ်ဆဲလ်သို့ ဖေဖော်ဝါရီလ ၁၈ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

နိုင်ငံပေါင်း ၂၈ နိုင်ငံ ပါဝင်သည့် ဥရောပ သမဂ္ဂ (European Union) မှ ဗြိတိန်နိုင်ငံ ထွက်ခွာမည့်အရေးကို ရှောင်ရှားနိုင်မည့် သဘောတူညီမှု တစ်ခုအား ဥရောပခေါင်းဆောင်များက အဖြေထုတ်ပေးသင့်ကြောင်း ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ပြောသည်။

“ကျွန်တော်က ဗြိတိန်နိုင်ငံ အတွက် တိုက်ပွဲဝင်နေတာပါ၊ ကောင်းမွန်တဲ့ သဘောတူညီမှု တစ်ခု ရခဲ့မယ်ဆိုရင် ဒါကို ကျွန်တော်တို့ လက်ခံမှာ ဖြစ်ပြီး ကျွန်တော်တို့ လိုအပ်ချက်အတိုင်း မရခဲ့ဘူးဆိုရင်တော့ ဒီသဘောတူညီ ချက်ကို လက်ခံမှာ မဟုတ်ပါဘူး” ဟု နှစ်ရက်ကြာ ထိပ်သီး အစည်းအဝေးအတွက် ဘရပ်ဆဲလ်ကို ရောက်ရှိနေ တဲ့ ကင်မရွန်းက သတင်းထောက်တွေကို ပြောသည်။

အီးယူအတွင်း ဗြိတိန်နိုင်ငံ ဆက်လက် နေရေး၊ မနေရေးနှင့်ပတ်သက်ပြီး လူထု ဆန္ဒခံယူပွဲ မပြုလုပ်မီ ဗြိတိန်က တောင်းဆိုထားသည့် ပြုပြင်ပြောင်းလဲရေးအတွက် သဘောတူညီမှု တစ်ခုကို ယခုထိပ်သီး အစည်းအဝေးက ဆုံးဖြတ်ပေးရမည် ဖြစ်သည်။

ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အန်ဂျလာ မာကဲလ်က “ကျွန်မတို့ သေချာ ရှင်းလင်းအောင် အများကြီး လုပ်စရာရှိ ပါတယ်၊ ယူကေကို အီးယူ အဖွဲ့ဝင်နိုင်ငံ အဖြစ် ဆက်ရှိနေဖို့ လုပ်ဆောင်နိုင်တဲ့ အားလုံးကို လုပ်သွားမှာပါ” ဟု သတင်းထောက်များအား ပြောသည်။

ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းဒီကမူ မည်သည့်နိုင်ငံကမျှ ရှိနှင့်ပြီးသား ဘုံစည်းမျဉ်းစည်းကမ်းများကို လစ်လျူမရှုသင့်ကြောင်းနှင့် ဗြိတိန် အနေဖြင့် အီးယူအတွင်း ဆက်ရှိနေမှာ ဖြစ်သော်လည်း အီးယူ၏ အခြေခံ စည်းမျဉ်းစည်းကမ်းနှင့် အနှစ်သာရများအား လေးစားလိုက်နာသင့်ကြောင်း ပြောကြားခဲ့သည်။

ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ဂျိန်း-ကလော်ဒီ ဂျန်ကာက ဥရောပ ကောင်စီအတွင်း သဘောတူညီချက် တစ်ခုကို ရရှိနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ဗြိတိန်ကလည်း အပြုသဘောဆောင်သော အီးယူ အဖွဲ့ဝင် တစ်ဦးအဖြစ် ဆက်ရှိနေမည်ဟု အခိုင်အမာ ယုံကြည်ကြောင်း ပြောသည်။ (Xinhua)