Connect with us

Agriculture

ယခုနှစ်မိုးရာသီအတွင်း နိုင်ငံတစ်ဝှမ်း မိုးသီးနှံဧက ၇၀,၀၀၀ ကျော် ရေကြီးနစ်မြုပ်ခဲ့

လယ်ယာမြေထွန်ယက်စိုက်ပျိုးနေသော တောင်သူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ယခုနှစ်မိုးရာသီအတွင်း နိုင်ငံတစ်ဝှမ်းတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ရေကြီးနှင့် ပင်လယ်ရေမြင့်တက်ခြင်းတို့ကြောင့် ဇူလိုင်လကုန်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ မိုးသီးနှံဧက ၇၀,၀၀၀ ကျော် ရေကြီးနစ်မြုပ်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ဆင်ဟွာသို့ ယနေ့ သြဂုတ် ၉ ရက်တွင် ပြောကြားသည်။“ဇူလိုင်လကုန်အထိ မိုးသီးနှံဧက ၇၀,၀၀၀ ကျော် ရေကြီးနစ်မြုပ်ခဲ့ပြီး လုံးဝထိခိုက်ပျက်စီးတဲ့ ဧက ပေါင်း ၇၀ ကျော်ရှိ တယ်။ လက်ရှိက မိုးရာသီမကုန်သေးဘူး။ ရေကြီးနစ်မြုပ်မှုတွေကို ကျွန်တော်တို့ ဆက်ပြီးစောင့်ကြည့်နေပါတယ်။ တောင်သူတွေရာသီမကုန်ခင် အချိန်မီပြန်လည်စိုက်ပျိုးနိုင်ဖို့ မျိုးတွေ ပံ့ပိုးပေးဖို့ ပြင်ဆင်ထားပါတယ်။’’ ဟု ဦးမျိုးတင့်ထွန်းက ဆိုသည်။

ယခုနှစ်မိုးရာသီတွင် မြန်မာတစ်နိုင်ငံလုံး၌ မိုးသီးနှံဧကပေါင်း (၁၆.၅) သန်းကျော် စိုက်ပျိုးခဲ့ကြောင်းသိရသည်။ မိုးသီးနှံတွင် စပါးအား အဓိကစိုက်ပျိုးကြောင်း သိရသည်။ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိလယ်ယာမြေအချို့ ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မိုးရာသီမိုးသီးနှံမှာ အဓိက စိုက်တာ မိုးစပါး။ တောင်သူတွေရဲ့လယ်ယာမြေပျက်စီးသွားခဲ့ပြီး ရာသီကလည်း မကုန်သေးလို့ ပြန်စိုက်လို့ရနိုင်သေးရင် နီးစပ်ရာမြို့နယ်၊ ခရိုင်တိုင်းတွေမှာ မျိုးနဲ့ နည်းပညာတွေ အကူအညီတောင်းနိုင်ပါတယ်။ ကျွန်တော်တို့ဌာနအနေနဲ့ အကူအညီတွေ ပေးသွားမှာပါ’’ ဟု ၎င်းကဆက်ပြောသည်။

ရေကျသွားချိန်၌ ရေကြီးနစ်မြုပ်ပျက်စီးပြီး မိုးစပါးများအား ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ခြင်းမရှိသည့် ဧရိယာများတွင် ရေမြေဒေသနှင့် ကိုက်ညီသည့် သီးနှံများအား အချိန်မီစိုက်ပျိုးရန်လိုအပ်ကြောင်း ၎င်းကဆိုသည်။ ထိခိုက်သောစပါးခင်းများတွင် ပိုးမွှားရောဂါကျရောက်နိုင်သောအခြေအနေအားစစ်ဆေး၍ လိုအပ်သောကာကွယ်နှိမ်နှင်းခြင်းများဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ (Xinhua)