Connect with us

Environment, Disasters & Accidents

မေလလယ်အထိ လေပြင်းတိုက်ခတ်နိုင်သည့် ကာလဖြစ်၍  သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သို့ ဆက်သွယ်အကူအညီတောင်းခံနိုင် 

၂၀၁၉ ခုနှစ် မေလ တွင် ပဲခူးတိုင်းဒေသကြီးတွင် လေပြင်းတိုက်ပြီး နောက်ပျက်စီးမှုတစ်ချို့အားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) 

ဖေဖော်ဝါရီလလယ် မှ မေလလယ် အထိသည် မြန်မာနိုင်ငံအနှံ့အပြားတွင်လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်သည့်ကာလဖြစ်သည့် အတွက် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၏ Hot line ဖုန်းများအား ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်ထွေးကြည်က ဆင်ဟွာ ကို မေလ ၇ ရက်တွင်ပြောသည်။ 

ဒေါ်ထွေးကြည်က “မေလလယ်လောက်အထိ တိုက်တဲ့လေပြင်းကို စိုက်ဆင်းလေ လို့ ခေါ်တယ်။ နှစ်တိုင်းဖြစ်တတ်တယ်။ တောင်တွေ ရှိတဲ့ နေရာမှာဆိုရင် အပေါ်ကနေ အောက်ကိုဆင်းလာတဲ့ လေပြင်းမျိုး။ မုန်တိုင်း လောက်မပြင်းပေမယ့် သူက အမိုးအကာတွေ ပျက်ဆီးနိုင်တယ်။ ဒါကြောင့် ပြည်သူတွေ အနေနဲ့ မိုးဇလ ထုတ်ပြန်ချက်တွေ ကို ကြည့်ပြီး ဒီလိုဖြစ်တတ်တဲ့ နေရာဒေသတွေ မှာ ဆိုရင် ကျွန်မတို့ဌာန ကို ဆက်သွယ်အကူအညီတောင်းခံနိုင်ပါတယ်’’ ဟုပြောသည်။ 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က မိုးတိမ်တောင်ဖြစ်ပေါ်ပါက လေပြင်းများတိုက်ခတ်နိုင်သည့် ကြေညာချက်များ ထုတ်ပြန်လေ့ရှိကြောင်း၊ ၎င်းကြေညာချက်များအား ပြည်သူများ အနေဖြင့် စဉ်ဆက်မပြတ် စောင့်ကြည့်၍ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်သင့်ကြောင်း ဒေါ်ထွေးကြည်က ဆိုသည်။ဒေါ်ထွေးကြည်က “လေပြင်းဘေးအဖြစ်များတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ  ကျွန်မတို့ဝန်ကြီးဌာနက  ဖေဖော်ဝါရီကနေ လေပြင်းဘေးကာကွယ်ရေးတွေ  စလုပ်နေပြီ။ အရင်ဖြစ်ခဲ့တာတွေ ကြည့်ပြီး အိုးအိမ်တွေ အားဖြည့် ပြင်ဆင်တာတွေ လုပ်နေတယ်။ အဲ့လို လုပ်တော့ အိမ်ပျက်ဆီးမှု  တွေ နည်းလာတယ်။’’ ဟုပြောသည်။

အဆိုပါလေပြင်းတိုက်ခတ်မှုများသည် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံးဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ အဆိုပါဒေသများတွင် နေထိုင်ကြသည့် ပြည်သူများ အနေဖြင့် နေအိမ်အဆောက်အဦးများ ၏ ခိုင်ခန့်မှုအားစစ်ဆေးရန်၊ လေဒဏ်ခံနိုင်စေရေးအတွက်  အမိုး၊ အခင်း၊ အကာများတွင် ထောက်တန်းများ၊ ဒေါက်တိုင်များအား ဖြည့်စွက်ဆောင်ရွက်ရန်၊ အဆောက်အဦး၏ ဆက်ထားသည့်နေရာများ ချောင်ထွက်မနေအောင်ဆောင်ရွက်ရန်၊ ယိုင်နဲ့ ယိုယွင်းမှုများ ကို ပြုပြင်အစားထိုးရန်၊ မြေဝင်အိမ်တိုင်များ သိပ်သည်းကျစ်လစ်စေရန် တိုင်ဖိနပ်ပတ်လည်တွင် မြေဖို့ရန်၊သွမ်မိုးအစွန်နေရာများတွင် သွပ်သံစိပ်စိပ်ရိုက်ရန်၊ ဓနိ/သက်ငယ်မိုးများတွင် ဝါးရာဇမတ်ကွက်ဖြင့်အုပ်မိုးရန်၊ သွပ်နန်းကြိုး/နှီး စသည်တို့ ဖြင့် ခိုင်မြဲစွာချည်နှောင်ရန် လိုအပ်ကြောင်း သိရသည်။လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၏ Hot Line ဖုန်းများဖြစ်သော  ၀၆၇-၃၄၀၄၆၆၆ ၊ ၀၆၇-၃၄၀၄၇၇၇ တို့သို့ သဘာဝဘေးအတွက် ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။  (Xinhua)