Connect with us

Agriculture

ငါးလုပ်ငန်း တက္ကသိုလ် ပေါ်ပေါက်လာရန် အဆင့်ဆင့် အားထုတ်ရမည်ဟု ဝန်ကြီးပြော

လယ်ယာ စိုက်ပျိုးရေးနှင့် ဆယ်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ အဖွင့် မိန့် ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

ငါးလုပ်ငန်း ဆိုင်ရာ တက္ကသိုလ် တည်ထောင်ရန် လွှတ်တော်က အတည်ပြု ဆုံးဖြတ်ထားသော်လည်း အဆိုပါ တက္ကသိုလ် ပေါ်ပေါက်လာရေးအတွက် အဆင့်ဆင့် အားထုတ်ပြီး အချိန်ယူ ဆောင်ရွက်သွားရ မည် ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ယနေ့ ပြောကြားခဲ့သည်။

“ဘတ်ဂျက်လည်း အလုံအလောက်မရှိသေးဘူး၊ HR လည်း မရှိဘူး၊ infrastructure လည်း မပြည့်စုံ သေး တဲ့ အခြေအနေမှာ အခက်အခဲတွေတော့ ရှိတယ်။ ဖြည့်ဆည်းနိုင်တဲ့ နည်းလမ်းတွေတော့ ရှိပါတယ်၊ နိုင်ငံတော် ဘတ်ဂျက် သုံးနိုင်ရင် HRလည်း ဖြည့်ဆည်းလို့ ရပါတယ်၊ ပညာရှင် တွေကို တော့ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားအရ မလှမ်းနိုင်သေးပါဘူး၊ အနည်းဆုံး ဒေါ်လာ ခုနစ်ထောင် လောက်ပေးမှ ပညာရှင်ဆိုတာ ရတာပါ၊ ကိုယ့် ရှိတဲ့ဟာနဲ့ လုပ်ရမှာ ဖြစ်တဲ့ အတွက်ကြောင့် အဆင့်ဆင့် အားထုတ်ရပါမယ်။

ငါးလုပ်ငန်း တက္ကသိုလ် ပေါ်ပေါက်ရေး လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

လွှတ်တော်က ဆုံးဖြတ်ပြီးသားလည်း ဖြစ်တော့ ဒါတွေကို အခု တက်ရောက်လာတဲ့ ပညာရှင် အသီးသီးက ဆက်ပြီး ဆွေးနွေးကြပါလိမ့်မယ်၊ မြန်မာနိုင်ငံရဲ့ coastal area က အရမ်းကြီးတော့ ငါးတက္ကသိုလ်ဆိုတာ ရှိသင့်တယ်၊ ဒါပေမယ့် ဒါကို သွားဖို့ အချိန်တစ်ခု တော့ ယူရပါမယ်” ဟု နေပြည်တော် မွေးမြူရေးနှင့် ရေလုပ်ငန်း ဦးစီးဌာန ရုံး ၃၆ တွင် ယနေ့ နံနက် ပြုလုပ်သည့် ငါးလုပ်ငန်း တက္ကသိုလ် တည်ထောင်နိုင်ရေး အကြံပြုဆွေးနွေးပွဲ ခေတ္တရပ်နားစဉ် ၎င်းက မီဒီယာသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က ရှင်းလင်း တင်ပြစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၈၃၂ ကီလိုမီတာ ရှည်လျားသည့် ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားပြီး ကမ်းရိုးတန်း ဒေသတစ်လျှောက် အဏ္ဏဝါ ငါးသယံဇာတ ထုထည် တည်ရှိမှုမှာ ၁ ဒသမ ၇၅၉ မက်ထရစ်တန် ရှိကာ တစ်နှစ်လျှင် ၁ ဒသမ ၀၅ မက်ထရစ်တန်သန်း ရှိကြောင်း၊ ထို့အတူ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် စသည့် မြစ်ကြီးများကလည်း နိုင်ငံ၏ ငါးသယံဇာတ ပေါကြွယ်ဝမှု အတွက် အထောက်အပံ့ ပေးလျက်ရှိကြောင်း အဖွင့်မိန့်ခွန်းတွင် ပြည်ထောင်စုဝန်ကြီးက ပြောခဲ့သည်။

အမှတ်တရ ဓာတ်ပုံရိုက်ကူးကြစဉ် (ဆင်ဟွာ)

လက်ရှိတွင် မြန်မာနိုင်ငံ၌ လူ့စွမ်းအား ရင်းမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ ဖွံ့ဖြိုး တိုးတက်လာစေရန် ငါးလုပ်ငန်း အတတ်သင် သိပ္ပံ (ကြို့ကုန်း)၊ အထက်မြန်မာ ပြည် ငါးလုပ်ငန်း သင်တန်းကျောင်း (စစ်ကိုင်း)၊ ငါးလုပ်ငန်း အတတ်သင် သိပ္ပံ (ဖျာပုံ) တို့ကို ဖွင့်လှစ်ထားရှိပြီး ငါးလုပ်ငန်းဆိုင်ရာ သင်တန်းများကို UDP, FAO, DANIDA တို့နှင့် ပူးပေါင်းလျက် သင်ကြား လေ့ကျင့် ပျိုးထောင်ပေးလျက် ရှိပါကြောင်းလည်း ၎င်းက ပြောခဲ့သည်။ (Xinhua)